စစ်ကောင်စီဖမ်းသွားသည့် စစ်ကိုင်း ပညာ‌ရေးတက္ကသိုလ် ‌ကျောင်းသားများသမဂ္ဂ ဥက္ကဌ ၇ လ ကြာသည်ထိ အဆက်အသွယ်မရ

စစ်ကောင်စီဖမ်းသွားသည့် စစ်ကိုင်း ပညာ‌ရေးတက္ကသိုလ် ‌ကျောင်းသားများသမဂ္ဂ ဥက္ကဌ ၇ လ ကြာသည်ထိ အဆက်အသွယ်မရ

ဧပြီ ၂၀

စစ်ကောင်စီ ဖမ်းဆီးခြင်း ခံထားရသည့် စစ်ကိုင်း ပညာ‌ရေး တက္ကသိုလ် ‌ကျောင်းသားများ သမဂ္ဂ ဥက္ကဌ မအေးနန္ဒာစိုးသည် ဖမ်းဆီးခံရ အပြီး ခုနစ်လ ကြာသည့်တိုင် အဆက်အသွယ် မရရှိ ဖြစ်နေသည်။

မအေးန္ဒာစိုးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖမ်းဆီးသွားခြင်း ဖြစ်ပြီး လက်ရှိချိန်ထိ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ပြန်ကြာရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“စစ်ကြောရေးမှာ အများဆုံး ကြာခဲ့တဲ့ သူတွေတောင် သုံးလခွဲ ကြာတာမျိုး ရှိပေမယ့် မအေးနန္ဒာစိုးက စစ်ကြောရေးမှာလား။ ဘယ်မှာလဲ မသိဘဲ ပျောက်ဆုံး နေတာဗျ” ဟု ၎င်းက ပြောသည်။

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူလည်းဖြစ် အမျိုးသမီး ရဲဘော်တစ်ဦးလည်း ဖြစ်သည့် အသက် ၂၃ နှစ်အရွယ် မအေးန္ဒာစိုးသည် စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ် တစ်ခု၌ စစ်ကောင်စီ တပ်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးပြီးနောက် မအေးနန္ဒာစိုးသည် တပ်မ (၃၃) သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး မန္တလေးနန်းတွင်း စစ်ကြောရေးသို့ ရောက်ရှိသွားကြောင်းနှင့် ထိုသို့ စုံစမ်း သိရခြင်းမှာ ဇန်နဝါရီလကုန် အထိ နောက်ဆုံး ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ပြန်ကြာရေး တာဝန်ရှိသူက ပြောသည်။

“သူနဲ့ စစ်ကြောရေး အတူနေခဲ့ပြီး ထောင်ထဲ ရောက်သွားတဲ့ ရဲဘော်တချို့ဆီက ပြန်သိရတာပေါ့။ သူနဲ့ တိုက်ရိုက်တော့ အဆက်အသွယ် မရသေးဘူး ” ဟု ၎င်းက ဆိုသည်။

မအေးနန္ဒာစိုးသည် စစ်ကြောရေး စခန်းအတွင်း ဒဏ်ရာများ ရရှိခဲ့ပြီး လုံလောက်သည့် ဆေးဝါး ကုသမှုများ မရရှိဘဲ လက်ရှိအချိန်အထိ သတင်းအစအန ပျောက်ဆုံးနေဆဲ ဖြစ်သည်။ မအေးနန္ဒာစိုး ပျောက်ဆုံးနေမှုကို နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်‌ရှောက်ရေးအသင်း (AAPP) သို့ တိုင်ကြားထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး‌နောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ ကျောင်းသား ကျောင်းသူပေါင်း ၃၀ ဦးကျော် ရှိပြီ ဖြစ်သည်။

#Mizzima

#စစ်ကိုင်းပညာ‌ရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

#မအေးနန္ဒာစိုး

#စစ်ကြောရေး

#ICRC

#AAPP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required