အိုးဘို‌ထောင်မှ နိုင်ငံရေးအကျဉ်းသားများ အခက်အခဲများ ကြုံတွေ့

အိုးဘို‌ထောင်မှ နိုင်ငံရေးအကျဉ်းသားများ အခက်အခဲများ ကြုံတွေ့

ဧပြီ ၁၉

မန္တလေး အိုးဘိုထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများထံသို့ မိသားစုဝင်များ တရားဝင်စာပေးပို့ရန် ခက်ခဲနေသည့်အပြင် အခြား ထောင်တွင်းအခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အကူအညီပေးနေသူ များထံမှ သိရသည်။

ယခင်က အကျဉ်းထောင်အတွင်းသို့ မိသားစုများ စာပေးပို့ရာတွင်အဆင်ပြေသော်လည်း မတ်လ ၂ ရက်နေ့ မှ စတင်၍ ခက်ခဲသွားကြောင်း ထောင်ဝင်စာများ ကူညီပေးနေသူတစ်ဦးက ယနေ့ ဧပြီလ ၁၉ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

“ထောင်ထဲကို စာပို့တဲ့အခါမှာ အပြင်ကမိသားစုရေးပေးတဲ့ စာတွေကို အထဲကရဲဘော်တွေဆီ မရောက် တာ အများကြီးကြုံတွေ့နေရတယ်။ ထောင်ဝင်စာ ဧည့်တွေ့လို့မရတဲ့အခြေအနေမှာဆိုတော့ အဆက် အသွယ် ဆိုတာ တရားဝင် စာလေးနဲ့ပဲဆက်သွယ်ရတာပါ” ဟု ၎င်းကဆိုသည်။

COVID-19 ရောဂါအကြောင်းပြု၍ အကျဉ်းထောင်များတွင် ထောင်ဝင်စာ တွေ့ခွင့် ပိတ်ထားသည့်အတွက် ထောင်တွင်းမှ ‌ပေးစာများကိုသာ အားထားနေရကြောင်း၊ ပေးပို့သည့် ထောင်ဝင်စာများ လုံး၀မရောက် ခြင်း၊ အချိန်ကြာမြင့်မှရောက်ခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေနှင့် မှာယူလိုသော ပစ္စည်းများကို ပြင်ပမှ မသိရ၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း ဆိုသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများကို ရာဇဝတ်မှုကျူးလွန်သူများနှင့်အတူထားရှိနေသည်ဟု သိရ ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ရှိသူကဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြား ဆေးမှု၊ ခိုးမှု၊ လူသတ်မှုနဲ့ထောင်ကျနေတဲ့ အကျဉ်းသားတွေနဲ့ အတူ တူနေရတယ်။ လုံးဝ အဆင်မပြေကြဘူးဆိုတာတွေ အခုတလော ကြားနေရတယ်ဗျ” ဟု ၎င်းကဆိုသည်။

စစ်အာဏာရှင်စနစ်အား တော်လှန်နေသူများကို စစ်ကြောရေး စခန်းများနှင့် အကျဉ်းထောင်များအတွင်း ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများပြုလုပ်နေကြောင်း ပြန်လည်လွတ်မြောက်လာသူများထံမှ သိရ သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၀,၂၄၉ ဦးရှိပြီး ၎င်းအနက် ၉၉၅ ဦး ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူများတွင် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၅၉ ဦး သေဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

#Mizzima

#မန္တလေး

#အိုးဘိုထောင်

#ထောင်ဝင်စာ

#နိုင်ငံရေးအကျဉ်းသား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required