KNU တပ်မဟာ (၅)နယ်မြေတွင် ၁၅ ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၈၁ ဦး သေဆုံး

KNU တပ်မဟာ (၅)နယ်မြေတွင် ၁၅ ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၈၁ ဦး သေဆုံး

ဧပြီ ၁၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅) နယ်မြေတွင် ဧပြီလ ၁ ရက်မှ ဧပြီလ ၁၅ ရက်အထိ ၁၅ ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၈၁ ဦး သေဆုံးကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ယနေ့ ဧပြီလ ၁၉ရက်တွင် သတင်းထုတ်ပြန်သည်။

ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၏ တပ်မဟာ (၅)လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများမှ စစ်သည်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ နယ်ခြားစောင့်တပ်-BGF (Border Guard Force) များနှင့် တိုက်ပွဲပေါင်း ၁၇၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ခွဲမှူးတစ်ဉီး၊ တပ်ကြပ်တစ်ဉီး နှင့် ဒု-တပ်ကြပ်တစ်ဉီး အပါအဝင် ၈၁ ဉီး သေဆုံးပြီး ၄၄ ဉီးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

နှစ်ပတ်တာအတွင်း KNLA တပ်မဟာ (၅)ဘက်မှ စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေးမော်တော်ကားနှစ် စီးအား ဖျက်ဆီးနိုင်ခဲ့သလို ရိက္ခာနှင့်လက်နက်ခဲယမ်းများ သယ်ယူရန်အသုံးပြုသည့် တံတားသုံးစင်းကို လည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲများအတွင်း KNLA တပ်မဟာ(၅)ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ တပ်မဟာအချင်းချင်းကြား ပူး ပေါင်းစစ်ဆင်ရာ၌ပါဝင်သည့် တပ်မဟာ(၁)ဘက်မှ စစ်သည်တစ်ဉီးကျဆုံးကာ KNLA ပူးပေါင်းတပ်ဖွဲ့မှ ခုနစ်ဉီးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖာပူ-ကမာမို(ဖာပွန်-ကမာမောင်း)ကားလမ်းမပေါ်အနီး အနားရှိကျေးရွာ များအတွင်းသို့ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံရွာသားနှစ်ဉီးသေဆုံးခဲ့ပြီး ယခုလလယ်ပိုင်း အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF တို့မှ ဒေသခံပြည်သူများ၏ လယ်ယာ၊ ဉယျာဉ်ခြံမြေများနှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၄၃၀ လုံးပစ်ချခဲ့ကြောင်း သိရသည်။

#Mizzima

#KNUတပ်မဟာ(၅)နယ်မြေ

#KNLA

#ကရင်ပြည်နယ်

#တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required