ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံတိုက်ခိုက် မီးရှို့ဖျက်ဆီး

ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံတိုက်ခိုက် မီးရှို့ဖျက်ဆီး

ဧပြီ ၁၆

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဧပြီလ ၁၅ ရက် ည နေ ၅ နာရီကျော်တွင် ဒုတိယအကြိမ်မြောက် ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ရွာထက်ဝက်ခန့် မီးလောင်သွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များရှိနေသည်ဟု အကြောင်းပြချက် ဖြင့် စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရသော ဝေလာမူကျေးရွာကို စစ်ကောင်စီတပ်သား များက ယခုကဲ့သို့ ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

“ပထမအကြိမ် လေကြောင်းကတိုက်ခိုက်ခံရကတည်းက ဒေသခံတွေက ရွာထဲမှာမနေတော့ဘူး။ ရွာနဲ့ လှမ်းတဲ့နေရာတွေမှာ တဲလေးတွေ ဆောက်ပြီးနေကြတယ်။ ရွာမှာလူမရှိဘူး။ အဲဒါကြောင့် မနေ့က သူတို့ ဝင်လာတဲ့အချိန်မှာ ရွာသားတွေ ပိတ်မိတာမရှိဘူး။ ဒီဘက်နယ်တွေမှာ PDF တွေရှိတယ် ဆိုပြီးတော့ ရွာစဉ်လိုက်ကိုလိုက်ပြီး မီးရှို့နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်အား ၂၅၀ ခန့်ရှိသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ဧပြီလ ၁၂ ရက်နေ့က စတင်ကာ ကျွန်းလှ မြို့၏ အနောက်ဘက်တွင် တည်ရှိသော ကုန်းစည်းရွာကို ဝင်ရောက်လာပြီး လက်ရှိအချိန်ထိ တပ်စွဲ နေရာယူထားဆဲ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ကုန်းစည်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများက ရွာနှင့် မျက်နှာချင်း ဆိုင်တွင်ရှိသည့် ဝေလမူကျေးရွာသို့ လာရောက်၍ ကြက်၊ ဝက်များနှင့် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ကာ လူနေအိမ်များကို မီးတင်ရှို့ခဲ့ကြခြင်း ဖြစ်သည်။

“ ရွာသားတွေကို တွေ့ရင် PDF နဲ့ ဆက်စပ်တယ်ဆိုပြီး တော်တော်လေးကို နှိပ်စက်တယ်။ ညှင်းပန်းတယ်။ ရွာသားတွေက ဘယ်လိုမှ မနေရဲဘူး။ အကုန်လုံး ပြေးနေရတာပေါ့။ သက်ကြီးရွယ်အိုတွေကအစ အကုန် ပြေးနေရတာ” ဟု ဝေလမူကျေးရွာ ဒေသခံက ပြောသည်။

ဝေလမူကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လက်ရှိတွင် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုများနှင့် ကျောင်းသားကလေးငယ်များအပါအဝင် ရွာလုံးကျွတ် နီးစပ်ရာတောထဲသို့ ထွက် ပြေးတိမ်းရှောင်နေကြရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသကာကွယ်ရေးတပ်များက အာဏာသိမ်း စစ်ကောင်စီ တပ်ကို ခုခံတော်လှန်လျက်ရှိရာ ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကရင်နီဒေသများတွင် အရပ်သားနေအိမ်အများအပြား လေကြောင်း တိုက်ခိုက်မှုနှင့် မီးတင်ရှို့ခံရမှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များကို အာဏာသိမ်း စစ်ကောင်စီတပ်သားများက စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အရပ်သားနေအိမ်များကို နေ့စဉ် ဆက်တိုက် မီးရှို့ခံရမှုများရှိနေသည်။

ဓာတ်ပုံ- ဝေလမူကျေးရွာ မီးလောင်မှုကို တွေ့ရစဉ် /CJ

#Mizzima

#စစ်ကိုင်းတိုင်း

#ဝေလမူကျေးရွာ

#စစ်ကောင်စီတပ်

#ထပ်မံတိုက်ခိုက်မီးရှို့ဖျက်ဆီး

#လေကြောင်းတိုက်ခိုက်မှုများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required