လ.ဝ.ကဝန်ကြီးဌာနကို ပြည်ထဲရေးအောက် မထားရန် လွှတ်တော်ဆုံးဖြတ်

လ.ဝ.ကဝန်ကြီးဌာနကို ပြည်ထဲရေးအောက် မထားရန် လွှတ်တော်ဆုံးဖြတ်

နေပြည်တော်(ဇန်နဝါရီ ၂၈)။ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ရန်မသင့်ကြောင်း ဇန်နဝါရီ ၂၈ရက် ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်လိုက်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ရန် ဇန်နဝါရီ ၂၂ရက် ရက်စွဲဖြင့် သမ္မတဦးသိန်းစိန်က လွှတ်တော်နာယကထံ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းသဝဏ်လွှာအပေါ် လွှတ်တော်တွင်းနိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် လက်ရှိအခြေအနေတွင် မဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ ဥပေဒကြမ်းပူးပေါင်းကော်မတီက အစီရင်ခံခဲ့ခြင်းဖြစ်သည်။

ဥပေဒကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ လက်ရှိတွင် မဆောင်ရွက်သင့်ကြောင်း သဘောထားမှတ်ချက်အပေါ် ကန့်ကွက်သူ အမတ်သုံးဦးသာ ရှိခဲ့သည်။

“ဆွေးနွေးပွဲတက်ရောက်တဲ့ ကိုယ်စားလှယ်အများစုကလည်း လက်ရှိအခြေအနေနှင့် အချိန်အခါအရ ဆောင်ရွက်ရန်မသင့်ကြောင်းဆွေးနွေးခဲ့ကြတဲ့အပြင် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်အားလုံးကလည်း လက်ရှိအခြေအနေနှင့် အချိန်အခါတွင် ဆောင်ရွက်ရန်မသင့်ကြောင်း တစ်ညီတစ်ညွတ်တည်း သဘောထားကို အစီရင်ခံစာတင်ပြလာပါတယ်။ နာယကအနေနဲ့လည်း ဥပဒေကြမ်းပူပေါင်းကော်မတီရဲ့သဘောထားမှတ်ချက် ဟာ မှန်ကန်သင့်မြတ်တယ်လို့ယူဆပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်ကို လွှတ်တော်က သဘောတူမတူ မေးမြန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ကန့်ကွက်ဆွေးနွေးခဲ့သေးသည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်နာယကက သဘောမတူသူများ မတ်တပ်ရပ်ရန်ညွှန်ကြားခဲ့ရာ ဦးဖုန်းမြင့်အောင်နှင့်အ တူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးစိုးဝင်းနှင့် ဒေါ်ခင်ဝိုင်းကြည်တို့က မတ်တပ်ရပ်ခဲ့ကြသည်။

ထိုသို့ ကန့်ကွက်သူ သုံးဦးသာရှိသည့်အတွက် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းရေးသည် လက်ရှိအခြေအနေတွင် ဆောင်ရွက်ရန်မသင့်ကြောင်း သူရဦးရွှေမန်းက ဆုံးဖြတ်ခဲ့သည်။

ဇန်နဝါရီ ၂၂ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်နာယကထံပေးပို့ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ သဝဏ်လွှာ၌ လက်ရှိ ဝန်ကြီးဌာန တစ်ခုအဖြစ် ရပ်တည်နေသည့် လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင် အား ဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်မှ ဦးစီးဌာနတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဖော် ပြထားသည်။

အကြောင်းရင်းအနေဖြင့် လူဝင်မှုကြီးကြပ်ရေးတာဝန်ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ တရားမဝင် ခိုးဝင်၊ခိုးထွက်များနှင့်ပတ်သက်၍ ဟန်ချက်ညီညီဆောင်ရွက်ရန် စသည်ဖြင့် အချက်ငါးချက်ဖြင့် အကြောင်းပြချက် ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags