စစ်ကောင်စီ၏ သင်္ကြန်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများတွင် ပြည်သူများမပါဝင်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများ သတိပေး 

စစ်ကောင်စီ၏ သင်္ကြန်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများတွင် ပြည်သူများမပါဝင်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများ သတိပေး 

ဧပြီ ၁၁

စစ်ကောင်စီ ပြုလုပ်မည့် သင်္ကြန်ပွဲနှင့် Bar များ၊ Club များ၊ မဏ္ဍပ်များနှင့် Music Festival များကို သွားလာခြင်းမပြုဘဲ ရှောင်ရှားကြရန် ရန်ကုန်မြို့ရှိ တော်လှန်ရေး အဖွဲ့ ၃၅ ဖွဲ့က သတိပေးလိုက်သည်။ 
 
ရန်ကုန်မြို့ရှိ တော်လှန်ရေးအဖွဲ့အစည်းများ ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် သပိတ်အဖွဲ့အစည်းများက "လူထုအခြေမပြုတဲ့သင်္ကြန် မဆင်နွှဲခြင်းဖြင့်ပုန်ကန်" ဆိုသည့် ခေါင်းစဥ်ဖြင့် ၄င်းတို့ရဲ့သဘောထားကို ဧပြီလ ၁၀ ရက်နေ့ ညပိုင်းက ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

“ညနေက ကိစ္စတော့သိပြီးပြီထင်ပါတယ်။ ထပ်ပြောစရာမရှိပါဘူး။ သတင်းထုတ်ပြန်ချက်အတိုင်းပါပဲ “ ဟုတော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ ရဲဘော်တစ်ဦးက ပြောသည်။ 

ထုတ်ပြန်ချက်တွင် အနယ်နယ်အရပ်ရပ်မှ PDF အဖွဲ့များ၊ သပိတ်အဖွဲ့အစည်းများ နှင့် မြို့ပြပြောက်ကျား တပ်ဖွဲ့များ က ဘက်ပေါင်းစုံမှာ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲများ ဟန်ချက်ညီစွာ ပုံဖော်ဆောင်ရွက်ရန်ကြိုးပမ်းလျက်ရှိကြောင်း နှင့် ပွဲလမ်းသဘင်များကျင်းပပေးပြီး လူထုနှင့် တော်လှန်ရေး ရေချိန်ကိုဆွဲချရန် လုပ်ဆောင်လာနေကြောင်းကို သတိပေး ပြောဆိုထားသည်။ 

“စစ်ကောင်စီနှင့် ထိစပ်စီးပွားရေးအရ အခွန်ငွေများပေးဆောင်ကာ လူငယ်များတော်လှန်ရေးအာရုံထွေပြားစေမည့် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် Bar များ၊ Club များ၊ မဏ္ဍပ်များနှင့် Music Festival များပြုလုပ်လျက်ရှိသော ခရိုနီအသိုင်းဝိုင်းနှင့် စီးပွားရေးသမားများအား အဓမ္မအားပေးလုပ်ရပ်များရပ်တန်းကရပ်ရန် ပြင်းထန်စွာသတိပေးအပ်ကြောင်း “ ကို တော်လှန်ရေးအဖွဲ့အစည်း ၃၅ဖွဲ့က ဆိုသည်။ 

အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် “သင်္ကြန်ကာလတွင်း တော်လှန်ရေးနှင့် မည်သို့မျှမသက်ဆိုင်သော ဖျော်ဖြေရေးအစီအစဉ်များပြုလုပ်၍ စစ်ကောင်စီ၏ ဖန်တီးသင်္ကြန်ကို ဝိုင်းဝန်းအားပေးအားမြှောက်ပြုလုပ်မည့် ဘောမအနုပညာရှင်များအားလည်း လုပ်ရပ်များဆင်ခြင်နိုင်ရန် သတိပေးနှိုးဆော်အပ်သည်။ ၎င်းပျော်ပွဲရွှင်ပွဲများ၊ နေရာများသို့ သွားလာခြင်းမပြုဘဲ ရှောင်ရှားခြင်းဖြင့် ကူညီပေးကြပါရန် ပြည်သူများအား မေတ္တာရပ်ခံအသိပေးနှိုးဆော်အပ်ပါတယ် “ ဟု ထပ်မံသတိပေးထားသည်။ 

"ကျဆုံးအာဇာနည်သူရဲကောင်းများ၊ ထောင်တွင်းနှိပ်စက်မှုဒဏ်ခံ၍ ပေးဆပ်နေသောရဲဘော်များ၊ တောတွင်း တိုက်ပွဲဝင်နေသော ရဲဘော်များ၊ စစ်‌ဘေးရှောင်ဒုက္ခသည်ပြည်သူများနှင့် အဖိနှိပ်ခံလူမျိုးစုများအား စော်ကားသကဲ့သို့ ပြုမူဆောင်ရွက်‌နေမှုများ ရပ်တန့်ပေးဖို့နှင့်  REVOLUTION IS NOT A FESTIVAL (တော်လှန်ရေးသည်ပွဲတော်မဟုတ်) “ ဟု တော်လှန်ရေးအဖွဲ့အစည်းများက ထုတ်ပြန်ချက်တွင် ရေးသားထားကြသည်။ 

တော်လှန်ရေးအဖွဲ့ ၃၅ဖွဲ့တွင် ရန်ကုန်မြို့အတွင်း သပိတ်များဖော်ဆောင်နေသည့်သပိတ်အဖွဲ့များ ၊ တော်လှန်ရေးအဖွဲ့များ၊ မြေအောက်အဖွဲ့အစည်းများ ၊ သမဂ္ဂများပါဝင်ကြသည်။ 

ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ၊စီးပွားရေးနှင့် ၄င်းတို့၏လက်အောက်ခံများကို ပျံလွှားအောင် စစ်ဆေးရေး နှင့် နန်းထိုက်အောင်စစ်ဆေးရေးများကိုဖော်ဆောင်လျက်ရှိပြီး စစ်ကောင်စီဘက်တွင် အထိနာလျက်ရှိသည်။ 

ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်လှန်ရေးအဖွဲ့အစည်းများက နန်းထိုက်အောင် စစ်ဆေးရေးအမည်ဖြင့် လမ်းမတော်မြို့နယ် စစ်အုပ်ချုပ်ရေး တာ၀န်ခံ ရုရှားပြန် ဗိုလ်မှူးကုဋေဖြိုးအောင် သေဆုံးမှု နှင့် စစ်ကောင်စီတပ်ဖွဲ့၏ ခေါင်းဆောင် မင်းအောင်လှိုင်အိမ် ၊ စိုးဝင်းအိမ်အနီး အင်းလျားလမ်းမပေါ် ၊ဇော်ဂျီလမ်းနဲ့ ပန်းဝါလမ်းထောင့်ရှိ စစ်ကောင်စီတပ်ဖွဲ့များရှိရာနေရာသို့ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သေးသည်။

#ရန်ကုန်မြို့
#တော်လှန်ရေးအဖွဲ့အစည်း
#သင်္ကြန်ပွဲတော်
#REVOLUTION IS NOT A FESTIVAL
#တိုက်ခိုက်မှုပြုလုပ်
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required