ညောင်ငုတ္တိုရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီး ၂၂ ဦးသေဆုံး ဟုဆို

ညောင်ငုတ္တိုရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီး ၂၂ ဦးသေဆုံး ဟုဆို

ဧပြီ ၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊  ဆားတောင်ကျေးရွာအုပ်စု၊ ညောင်ငုတ္တိုရွာတွင် တပ်စွဲထားသည့် ပျူစောထီးများအား ဧပြီလ ၆ ရက်နေ့က  တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၂ ဦး သေဆုံးပြီး စစ်ကူလာသည့် စစ်ကောင်စီတပ်များ မိုင်းဆွဲခံရကာ ၁၀ ဦး သေဆုံးကြောင်း မြောင်မြို့နယ် T.G.R - ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

“အဲ့တုန်းက ကျွန်တော်တို့ ရှော့တိုက်ဒုံးနဲ့ သုံးချက် အရင်ပစ်ပြီး စဖြိုခွဲတာ။ သူတို့ဘက်က စနိုက်ပါ နှစ်လက်နဲ့ ထောက်ထားပြီး ပြန်လည် ပစ်ခတ်မှုရှိတော့ နည်းနည်းလေး ဝင်စီးရတာ အခက်အခဲတော့ ရှိတာပေါ့။ မသေဘဲ ကျန်တဲ့ ပျူတွေကတော့ ထွက်ပြေးသွားတယ်။ ဒါပေမယ့် စကစ (စစ်ကောင်စီတပ်) စစ်ကူတွေလာတော့ ကျွန်တော်တို့လည်း ပစ္စည်း ဝင်သိမ်းချိန် မရဘဲ ပြန်ဆုတ်ခဲ့ရတယ်” ဟု မြောင်မြို့နယ် T.G.R အဖွဲ့ ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ပြောသည်။

အဆိုပါ ညောင်ငုတ္တိုရွာတွင် အိမ်ခြေ နည်းပါးပြီး ပျူစောထီး အမာခံ ၁၇ အိမ်ခန့် ရှိကြောင်း ရွာအတွင်း ပျူစောထီး အဖွဲ့ဝင်များနှင့် မိသားစုများသာ ရှိကြောင်း T.G.R အဖွဲ့ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

“ရွာထဲမှာ စစ်ခွေး (စစ်ကောင်စီတပ်သား) ကတော့ အများကြီး မရှိနိုင်ဘူး၊ တစ်ယောက် နှစ်ယောက်ပဲ။ ပျူစောထီး ကတော့ အဲဒီမှာ ၂၀၊ ၃၀ လောက်ရှိမယ်။ သေနတ် အရေအတွက် ကတော့ ကိုးလက် လောက်ရှိမယ်” ဟု ၎င်းက ရှင်းပြသည်။

တစ်နာရီနီးပါး ကြာမြင့်ခဲ့သည့် ညောင်ငုတ္တိုရွာ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

“ကိုယ့်ဘက်က ပစ်တဲ့ လက်နက်ကြီးက ယမ်းအခက်အခဲကြောင့် ရှေ့မထွက်ဘဲ ပျက်ကျပြီး ရဲဘော် တစ်ယောက် လက်ကို ထိခိုက်တာရှိတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု ဗိုလ်တိုက်ဂါးက ဆက်ပြောသည်။

တိုက်ခိုက်မှုအပြီး ဆားတောင်မြို့ဘက်မှ တပ်ကူလာသည့် စစ်ကား နှစ်စီးအား မိုင်းငါးလုံးဖြင့် တိုက်ခိုက်ရာ တစ်စီး ထိမှန်၍ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးကြောင်း T.G.R ပြန်ကြားရေး တာဝန်ခံက အတည်ပြု သည်။

၎င်းတိုက်ပွဲတွင် မြောင်မြို့နယ် T.G.R - ပြည်သူ့ကာကွယ်ရေးတပ်၊ ဇင်ယော်နီ အထူးပြောက်ကျားတပ်ဖွဲ့၊ Pantagram (ငါးထောင့်ကြယ်)၊ Ayadaw Falcom Force(AF2)၊ Special Operation Force Sagaing၊ ဖောင်းဒိုင်းဖောင်းဒိုင်း၊ တပ်ရင်း (၁၈) နယ်စည်းမခြား တော်လှန်ရေး အင်အားစု ဝက်လက်မြို့၊ မြင်းဖြူရှင် ပြောက်ကျားတပ်ဖွဲ့၊ GZ ညီနောင်နှင့် မြင်းမူ ဗိုလ်သံခဲ အဖွဲ့ စုစုပေါင်း မဟာမိတ် ၁၀ ဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ညောင်ငုတ္တိုရွာတွင် မည်သည့် အဖွဲ့မှ တပ်စွဲထားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်နှင့် ပျူစောထီး ၁၀၀ နီးပါးက အနီးရှိ  ရွာနန်းရွာကို ယမန်နေ့ ဧပြီလ ၇ ရက်က ဝင်ရောက်ကာ နေအိမ် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#စစ်ကိုင်းမြို့နယ်
#ညောင်ငုတ္တိုရွာ
#ဗိုလ်တိုက်ဂါး
#T.G.R
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly