ဆန္ဒပြမှုများ ရှိလင့်ကစား သီရိလင်္ကာသမ္မတ ရာထူးမှ နုတ်ထွက်မည် မဟုတ်

ဆန္ဒပြမှုများ ရှိလင့်ကစား သီရိလင်္ကာသမ္မတ ရာထူးမှ နုတ်ထွက်မည် မဟုတ်

ဧပြီ ၆

သီရိလင်္ကာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော စီးပွားရေးအကျပ်အတည်းအပေါ် အစိုးရ၏ ကိုင်တွယ်မှုနှင့်ပတ်သက်ပြီး ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသော်ငြား သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာအနေဖြင့် ရာထူးမှ နုတ်ထွက်မည် မဟုတ်ကြောင်း ဝန်ကြီးတစ်ဦးက ဧပြီ ၆ ရက်တွင် ပါလီမန်ကို ပြောသည်။

“လူပေါင်း ၆ ဒသမ ၉ သန်းက သမ္မတကို မဲပေးခဲ့တယ်ဆိုတာကို မိမိအနေနဲ့ အသိပေးလိုပါတယ်” ဟု အမြန်လမ်း ဝန်ကြီး ဂျွန်စတန် ဖာနန်ဒိုက အတိုက်အခံတို့၏ ဝေဖန်မှုကို တုံ့ပြန်ရင်း ပြောဆိုသွားခဲ့သည်။

“အစိုးရတစ်ရပ်အနေနဲ့ သမ္မတဟာ ဘယ်လို အခြေအနေတွေအောက်မှာမဆို နုတ်ထွက်မှာ မဟုတ်ဘူးဆိုတာကို မိမိတို့ ရှင်းရှင်းလင်းလင်း ပြောပါမယ်။ မိမိတို့ ဒါကို ရင်ဆိုင်သွားပါမယ်” ဟု ၎င်းက ပြောခဲ့သည်။

အာဏာရ ညွန့်ပေါင်းအဖွဲ့မှ လွှတ်တော်အမတ် ဒါဇင်နှင့်ချီ ထွက်ခွာခဲ့မှုကြောင့် အစိုးရအနေဖြင့် ပါလီမန်တွင် အများစုထောက်ခံမှု ဆုံးရှုံးပြီးနောက်တွင် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာသည် အရေးပေါ် အခြေအနေတစ်ရပ် ကြေညာထားမှုကို ဧပြီ ၅ ရက်နှောင်းပိုင်းတွင် ပြန်ရုပ်သိမ်းခဲ့သည်။

သီရိလင်္ကာ အစိုးရအနေဖြင့် နိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးသော စီးပွားရေး အကျပ်အတည်းနှင့် ကြုံနေရစဉ် ဆန္ဒပြမှုများကို ထိန်းသိမ်းနိုင်ရန် ရုန်းကန်နေခဲ့ရသည်။

အစိုးရအတွက် နောက်ထပ် ဆုတ်ဆိုင်းမှုတစ်ခုအဖြစ် ဘဏ္ဍာရေးဝန်ကြီး အလီ ဆာဘရီသည် ရာထူးခန့်အပ်ခံရပြီး တစ်ရက်အကြာ နုတ်ထွက်သွားခဲ့ပြီး ယင်းသည် ချေးငွေ အစီအစဉ်တစ်ခုအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် တွေ့ရန် စီစဉ်ထားသော အရေးကြီးသည့် ဆွေးနွေးမှုများမတိုင်မီ  ဘဏ္ဍာရေးဝန်ကြီးသစ် ရာထူးနုတ်ထွက်မှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ ရာဂျာပက်ဆာသည် တနင်္လာနေ့က ၎င်း၏ အစိုးရဝန်ကြီးအဖွဲ့ကို ဖျက်သိမ်းပြီး ညီညွတ်သော အစိုးရအဖွဲ့သစ်တစ်ရပ် ဖွဲ့ရန် ကြိုးပမ်းနေခဲ့သည်။

ယင်းနိုင်ငံတွင် စားနပ်ရိက္ခာနှင့် လောင်စာဆီ ရှားပါးပြတ်လပ်မှုနှင့် အချိန်ရှည်လျားသည့် ဓာတ်အားပြတ်တောက်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြွေးမြီများပြားသော စီးပွားရေးကို အာဏာရအစိုးရ၏ ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး အများပြည်သူ၏ အုံကြွဆန့်ကျင်မှုများ ဖြစ်ပေါ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required