စစ်ကောင်စီ၏ တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုခြင်းဖြင့် သပိတ်မှောက်ကြသည့် ကျောင်းသားကျောင်းသူများနှင့်မိဘများကို ချီးကျူးဂုဏ်ပြု

By မေဘယ်လ်သူ
05 April 2022
စစ်ကောင်စီ၏ တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုခြင်းဖြင့် သပိတ်မှောက်ကြသည့် ကျောင်းသားကျောင်းသူများနှင့်မိဘများကို ချီးကျူးဂုဏ်ပြု

ဧပြီ ၅

စစ်ကောင်စီက ကျင်းပနေသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းမရှိဘဲ သပိတ်မှောက်ကြသည့် ကျောင်းသား၊ကျောင်းသူများနှင့်မိဘများကို ချီးကျူးဂုဏ်ပြုကြောင်း ပညာရေးတက္ကသိုလ်များ ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီနှင့် ပညာရေးဒီဂရီကောလိပ်များ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့က ဧပြီလ ၃ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ပညာရေးတက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များအနေဖြင့် အရည်အသွေးပြည့်၀၍ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒနှင့် ကိုက်ညီသော ပညာရေးရပ်ဝန်းတစ်ခုကို အကောင်းဆုံးပြင်ဆင်၍ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေမည်ဖြစ်သည့် အကြောင်းကိုလည်း သတင်းစကားပါးသည်။

"တော်လှန်ရေးကာလမှာ စစ်အာဏာရှင်စနစ်အပြင် ကျွန်တော်တို့နိုင်ငံမှာအရင်ကတည်းက ဟောင်းနွမ်းယိုယွင်းပျက်စီးနေတဲ့ ပညာရေးစနစ်ကိုပါ တစ်ခါတည်း ဆန့်ကျင်တိုက်ထုတ်ရမှာဖြစ်တယ်။ အဲ့ဒါကြောင့် အခုလို အရေးကြီးတဲ့ တက္ကသိုလ်ဝင်တန်းဆိုတဲ့အရာကို ကျောခိုင်းပြီး တော်လှန်ရေးမှာ အခုလို ပူးပေါင်းပါဝင်ခဲ့တဲ့ကျောင်းသားကျောင်းသူတွေရယ် မိဘတွေအတွက်ပါ ဂုဏ်ယူပါတယ်"ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ပြောသည်။

စစ်အာဏာရှင်စနစ်လက်အောက်တွင် ‌ရရှိလာမည့် စာမေးပွဲရလဒ်များသည် ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ်တွင် လုံးဝအကျုံးဝင်သွားမည်မဟုတ်ကြောင်း အခြေခံပညာကျောင်းသားများသမဂ္ဂအသီးသီးက ဧပြီလ ၄ ရက်နေ့တွင်ကြေညာလိုက်သည်။

စစ်ကောင်စီကျင်းပနေသည့် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ရက်မှ ဧပြီလ ၉ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး စာစစ်ဌာန ၁,၂၅၆ ခုတွင် ကျောင်းသားကျောင်းသူပေါင်း သုံးသိန်းကျော်သာ ဝင်ရောက်ဖြေဆို နေကြသည်ဟုလည်း သိရသည်။

လက်ရှိအချိန်တွင် ဖြေဆိုလျက်ရှိနေသည့် စာမေးပွဲများတွင် ဖြေဆိုပြီးရရှိလာသည့် ရလဒ်များကို အသိအမှတ်မပြုရေးလုပ်ငန်းများအတွက် အခြေခံပညာသမဂ္ဂများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#Mizzima

#တက္ကသိုလ်ဝင်စာမေးပွဲ

#ပညာရေးတက္ကသိုလ်များ

#ပညာရေးဒီဂရီကောလိပ်များ

#ကြားကာလအုပ်ချုပ်ရေးကောင်စီ

#စာမေးပွဲမဖြေဆိုခြင်း

#ကန့်ကွက်သပိတ်မှောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly