မင်းတပ်မြို့ပေါ်တွင် မှတ်ပုံတင်မရှိပါက သွားလာမရဖြစ်နေ

မင်းတပ်မြို့ပေါ်တွင် မှတ်ပုံတင်မရှိပါက သွားလာမရဖြစ်နေ

ဧပြီ ၁

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် သွားလာနေသူများကို စစ်ကောင်စီတပ်များက မှတ်ပုံတင် စစ်ဆေးနေမှုကြောင့် မပါရှိပါက သွားလာမရ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

''မြို့ပေါ်မှာ အခု အစစ်အဆေးတွေ ကတော့ အရမ်းကြမ်းတယ်။ အထူးသဖြင့် ကန်ပက်လက် လမ်းခွဲ၊ စီးချဲ လမ်းခွဲနဲ့ NLD ရုံး လမ်းခွဲတွေမှာ အရမ်းဆိုးတယ်။ ဒီနေ့မနက် ဆိုလည်း NLD ရုံး လမ်းခွဲမှာ မှတ်ပုံတင်တွေ စစ်နေတယ်၊ မပါလာဘူး ဆိုတော့ တော်သေးတယ် ပြောရမလား နောက်တစ်ခါ မှတ်ပုံတင် မပါလာရင် သွားမရဘူးလို့ ပြောလိုက်တယ်'' ဟု ယနေ့ စစ်ဆေးခံရသည့် ဒေသခံက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း မင်းတပ်မြို့နယ် NLD ပါတီရုံးသစ်တွင် စစ်ကောင်စီ တပ်စွဲထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဆိုသည်။

''ကျွန်တော်တို့ ဆီမှာက ဟိုးအရင်တွေထဲက အေးချမ်းတယ်လေ၊ ဘယ်သွားသွား အားလုံး သိနေကြတာ။ တော်ရုံ ရပ်ဝေးခရီး မဟုတ်ရင် မြို့တွင်းတော့ မှတ်ပုံတင် မဆောင်ထားဘူး၊ မတော်တဆ ပျောက်ရင် မှတ်ပုံတင် လုပ်ရတာ ခက်တယ်၊ ဒါကြောင့် အိမ်မှာပဲ သိမ်းထားကြတော့၊ အခုတော့ မြို့ထဲ ဈေးဝယ်၊ လဖက်ရည်သောက် ထွက်တာတောင် မှတ်ပုံတင် ဆောင်ထားရမယ့်ပုံ ဖြစ်နေတယ်'' ဟု မြို့ခံ တစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့နယ်တွင်လည်း နေအိမ်ပြင်ပ ထွက်ပါက မှတ်ပုံတင်နှင့် COVID-19 ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ် ပါရှိရမည်ဖြစ်ကြောင်း ယနေ့ ကြေညာထားသည်။

#Mizzima

#မင်းတပ်မြို့

#မှတ်ပုံတင်

#တောင်ကြီးမြို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required