သတင်းများမပေါက်ကြားစေရန် စစ်ကောင်စီ၏ ညွှန်ကြားစာ ထပ်မံပေါက်ကြား

သတင်းများမပေါက်ကြားစေရန် စစ်ကောင်စီ၏ ညွှန်ကြားစာ ထပ်မံပေါက်ကြား

ဧပြီ ၁

အရေးကြီးသတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများ မပေါက်ကြားစေရန် စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားသည့်စာ လူမှုကွန်ရက်ပေါ်တွင် ထပ်မံပေါက်ကြားလာသည်။

အဆိုပါ “လျှို့ဝှက်နည်းဖြင့်ပို့၊ ဦးစားပေးအဆင့်အတန်း” ဟူသောစာများ သတ်မှတ် ပါရှိသော ကြေးနန်းစာကို Myanmar Police CDM Channel (MPCC) က ရရှိခဲ့ပြီး ၎င်းတို့၏ လူမှုကွန်ရက်ပေါ်တွင် ထပ်ဆင့်ဖြန့်ဝေထားခြင်းဖြစ်သည်။

အဆိုပါ ကြေးနန်းစာတွင် တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နှင့် အရေးကြီးသတင်းများပေးပို့ရာတွင် ပြည်ထဲရေးဝန်ကြီး၏ ဖုန်းနံပါတ်သို့လည်းကောင်း၊ ၎င်း၏ PSO ဖုန်းနံပါတ်သို့လည်းကောင်း တိုက်ရိုက်ဖုန်းဆက်ကြရန် ညွှန်ကြားသည်ကို တွေ့ရသည်။

ထို့အပြင် ညွှန်ကြားစာများ၊ ရုံးစာများ လူမှုကွန်ရက်စာမျက်နှာများနှင့် ပြင်ပအဖွဲ့အစည်းများထံ မပျံ့နှံ့စေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်ရန်လည်း ပြည်ထဲရေးမှညွှန်ကြားထားကြောင်းဆိုသည်။

ယခုညွှန်ကြားချက်ကို ရဲတပ်ဖွဲ့မှူးများမှလိုက်နာဆောင်ရွက်ရန်နှင့် ထူးခြားဖြစ်စဉ်များကို ဖုန်း ၀၆၇၄၁၂၂၂၂၊ ၀၆၇၄၁၂၄၄၄ သို့နေ့စဉ် ညနေ ၅ နာရီအချိန်အရောက် မပျက်မကွက်တင်ပြကြရန် ပေါက်ကြားလာသည့် ညွှန်ကြားစာတွင်ရေးသားထားသည်။

မကြာသေးခင်ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF များမှ စခန်းသိမ်းတိုက်ပွဲဆင်နွှဲလာပါက လက်နက်ချအညံ့မခံရန်နှင့် စခန်းကိုမစွန့်ခွာရန် ညွှန်ကြားထားသည့်စာ ပေါက်ကြားလာခဲ့သေးသည်။

#MizzimaTV
#ပြည်ထဲရေးဝန်ကြီးဌာန
#MyanmarPoliceCDMChannel(MPCC)
#သတင်းမပေါက်ကြားရေး
#စခန်းသိမ်းတိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly