စစ်ကောင်စီတပ် လက်နက်နှင့် ရိက္ခာတင် စက်လှေ ၆ စီးကို မြို့လှ PDF ကတိုက်ခိုက်ရာ စက်လှေအချို့ပျက်စီးဟုဆို 

စစ်ကောင်စီတပ် လက်နက်နှင့် ရိက္ခာတင် စက်လှေ ၆ စီးကို မြို့လှ PDF ကတိုက်ခိုက်ရာ စက်လှေအချို့ပျက်စီးဟုဆို 

ဧပြီ ၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာမှ ထွက်လာသည့်  စစ်ကောင်စီတပ် လက်နက်နှင့်ရိက္ခာတင် စက်လှေ ခြောက်စီးကို ယနေ့ ဧပြီလ ၁ ရက် နံနက် ၇ နာရီအချိန် တွင်မြို့လှ PDF တပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ရာ စက်လှေအချို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။ 

ဧရာဝတီမြစ်ကြောင်းအတိုင်း မြို့လှဘက်သို့ စုန်ဆင်းထွက်ခွါချိန်တွင် မြို့လှPDF မှ စောင့်ကြိုတိုက်ခိုက်ကြခြင်းဖြစ်သည်။ 

"ကျွန်တော်တို့ဘက်က ဘဒိန်၊ လက်ထောက်တွဲ၊ လက်နက်ငယ်ရော ပစ်ခတ်ခဲ့တယ်ဗျ ၁၅ မိနစ်လောက်ကြာမယ်ဗျ" ဟု စက်လှေ ခြောက်စီးအား ပစ်ခတ်ခဲ့ပုံကို မြို့လှ PDF ပြန်ကြားရေးတာဝန်ခံကပြောသည်။ 

ဒေသအခေါ် ဘဒိန်ဆိုသည်မှာ "79 mm ကျည်ပါပဲ အတော်ခပ်ဝေးဝေးပြေးနိုင်အောင် သေနတ်တစ်မျိုးနဲ့ ထည့်ပစ်ရပါတယ် အဲ့ဒီဟာကို ဘဒိန်ခေါ်ပါတယ်ဗျ” ဟု ဗဒိန်လက်နက်အကြောင်းရှင်းပြသည်။ 

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ စက်လှေများ ထိခိုက်ပျက်စီးပုံကို "စက်လှေအချို့ပျက်စီးပြီး ရပ်တန့်သွားတာတွေရှိတယ် သူတို့ဖက်က ထိခိုက်ကျဆုံးမှုရှိနိုင်တယ်ဗျ အသေးစိတ်မသိဘူးခင်ဗျ" ဟု မြို့လှPDF ဘက်ကပြောသည်။ 

စက်လှေများလာမည်ကို PDF အနေဖြင့် ကြိုတင်သတင်းရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှလက်နက်နှင့်ရိက္ခာများသယ်ရန် ဒေသခံများ၏ စက်လှေများအား အတင်းအဓမ္မချောဆွဲလာခြင်းဖြစ်နိုင်ကြောင်းလည်း မြို့လှ  PDF ဘက်ကပြောသည်။ 

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ဒေသများတွင် စစ်ရေးလှုပ်ရှားနေသည့် မြို့လှ PDF နှင့် စစ်ကောင်စီတပ်များသည် နေ့စဉ်နှင့်အမျှထိတွေ့မှုရှိနေပြီး စစ်ကောင်စီတပ်မှလည်း လက်နက်ရိက္ခာများ ဖြည့်တင်းလျှက်ရှိကြောင်း သိရသည်။ 

"စကစ(စစ်ကောင်စီ)ဖက်ကတော့ အရင်ကထက်စာရင် သူတို့ရိက္ခာတွေ စုဆောင်းလာတာတွေ့ရတယ် အင်အားတွေလည်း နည်းနည်းစုနေတဲ့အနေအထားပေါ့ တိုက်ပွဲပြင်းထန်မှုကတော့ ပုံသေတော့မရှိဘူးခင်ဗျ အေးတဲ့အခါလည်းရှိတယ်ဗျ" ဟု ၎င်းတို့လှုပ်ရှားရာနယ်မြေအတွင်း စစ်ရေးအခြေအနေအား မြို့လှ PDF ပြန်ကြားရေးတာဝန်ခံကပြောသည်။ 

တိုက်ပွဲအရေအတွက် များလာခြင်းနှင့် စိတ်ဓာတ်ခိုင်မာမှုကြောင့် "အခုနောက်ပိုင်းဆိုရင်ပေါ့ စစ်ရေးအမြင်ရော အတွေ့အကြုံရော အရင်ကထက်စာရင် ပိုပြီးတိုးတက်လာတဲ့ အခြေနေမှာရှိပါတယ်ခင်ဗျ" ဟု မြို့လှ PDF တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်စွမ်းရည်ပိုမိုကောင်းမွန်လာပုံကိုလည်း ၎င်းကဆက်ပြောသည်။ 

ယမန်နေ့ မတ်လ ၃၁ ရက်ကလည်း  စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝရွာမှ သမန်းဒေါင့်ရွာဖက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်များအား  မြို့လှ PDF မှ မိုင်း  သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

#MizzimaTV
#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#ကျောက်ကြီးရွာ
#ဧရာဝတီမြစ်ကြောင်း
#ရိက္ခာတင်စက်လှေ
#တိုက်ခိုက်မှုပြုလုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required