AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကို အရေးယူမယ်လို့ ဒေါက်တာ ဇော်ဝေစိုး ပြောကြား​​ခြင်းမရှိ

AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကို အရေးယူမယ်လို့ ဒေါက်တာ ဇော်ဝေစိုး ပြောကြား​​ခြင်းမရှိ

မတ် ၃၀ ရက်၊ ၂၀၂၂ ခုနှစ်

ရက္ခိုင့်တပ်တော် (AA) အပါအဝင် လက်နက်ကိုင်ငါးဖွဲ့သည် နွေဦးတော်လှန်ရေးတွင် မပါဝင်သောကြောင့်အရေးယူပြီး လက်နက်ဖျက်သိမ်းမည်ဟု ဒေါက်တာဇော်ဝေစိုးမှ ပြောကြားသည်ဆိုသောရေးသားချက်တစ်ခု လူမှုကွန်ရက်တွင်ပျံ့နေသည်။ သို့သော် ၎င်းအဆိုပြုချက်မှာ သတင်းမှားဖြစ်ပါသည်။

ဖေ့ဘုတ် အကောင့်တစ်ခုဖြစ်သည့် “Bone Mg” ဟူသည့်အကောင့်မှ မတ်လ ၂၆ ရက်နေ့တွင် “AAအပါ အဝင် လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို ဥပဒေနဲ့အညီအရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟု အကြမ်းဖက်ခေါင်းဆောင် ဒေါက်တာဇော်ဝေစိုး ပြောကြား” ဟု ဒေါက်တာဇော်ဝေစိုးက video call မှတစ်ဆင့်ပြောကြားသကဲ့သို့ ရေးသားကာ #voiceofchina_myanmar ဟု ကိုးကားအမည်ဖော်ပြထားသည်။

တယ်လီဂရမ်တွင်လည်း သတင်းစောင့်ဖတ်သူ (subscriber) ၉၃၀၀ ကျော် ရှိသည့် DGF21 News ဟူသည့် တယ်လီဂရမ်ချန်နယ်မှ အလားတူရေးသားချက်ကို မတ်လ ၂၇ ရက်နေ့က စတင်ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူ ၅,၀၀၀ နီးပါးရှိနေပြီဖြစ်သည်။

ထို့ပြင် People’s Voice မှလည်း အလားတူအဆိုကို ဖြန့်ဝေထားသည်။

အဆိုတွင်ပါဝင်သော အမျိူးသား ညီညွတ်ရေးအစိုးရ NUG ၏ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ပြည်ထောင်စု ဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက Video call ဖြင့် ပြောကြားခဲ့သည်ဟု ရေးသားထားသော်လည်း မည်သူနှင့် မည်သည့်အကြောင်းအရာကြောင့် တွေ့ဆုံခဲ့သည်ဆိုခြင်းကို ဖော်ပြထားနိုင်ခြင်းမရှိပါ။

ဒေါက်တာဇော်ဝေစိုးထံသို့ ထိုသို့ပြောဆိုခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာတွင် “သတင်းအမှားပါ၊ ဆရာတို့က ဘာကြောင့်ဖျက်စီးဖို့ လုပ်မှာလဲ၊တည်ဆောက်ဖို့ လုပ်နေကြတာပါ၊ ညီညွတ်အောင် လုပ်နေကြသူတွေက ဒီလိုဖျက်စီးမှုတွေ ဘယ်တော့မှ မလုပ်ပါဖူး”ဟု ပြန်လည်ဖြေကြားသည်။

#Misinfomation_Buster

#Zaw_Wai_Soe

#Fabricated_Content

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly