နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်း ဝင်နေရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်း ဝင်နေရ

မတ် ၂၈

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းနှင်အတူ နေထိုင်သူ အချို့ တွင် COVID-19 ရောဂါ တွေ့ရှိခြင်းကြောင့် ကွာရန်တင်း ဝင်နေရ၍ ရုံးချိန်း မတက်ရောက်နိုင်ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၌မူ COVID -19 ကူးစက် ခံထားရခြင်း မရှိဟု ဆိုသည်။ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် အတူ နေထိုင်သူ ကိုးဦးရှိကြောင်း ၎င်း၏ ရှေ့နေများက မီဒီယာများကို ပြောဆိုထားဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ကြာသပတေးနေ့ ကတည်းက ရုံးချိန်း တက်ရောက်ခဲ့ခြင်း မရှိဘဲ ယခုတစ်ပတ် တနင်္လာနှင့် အင်္ဂါနေ့တွင် ပြုလုပ်မည့် ရုံးချိန်းကိုလည်း တရားရုံးက နောက်တစ်ပတ်သို့ ရွှေ့ဆိုင်း ချိန်းဆိုထားသည်။

ယနေ့ ရုံးချိန်းသို့ သမ္မတ ဦးဝင်းမြင့်က Video Conferencing မှ တစ်ဆင့် တက်ရောက်ခဲ့သည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို စွဲဆိုထားသည့် အမှုများကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့များတွင် နေပြည်တော်ရှိ အထူးတရားရုံး ၌ လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးနေခြင်း ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမှု ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ကျခံနေရပြီး အမှုပေါင်း ၁၂ မှုဖြင့် ဆက်လက် တရားရင်ဆိုင် နေရသည့် အပြင် အဂတိ တစ်မှုဖြင့်ပါ ထပ်တိုး အမှုဖွင့် ခံထားရသည်။

အဆိုပါ အမှုများထဲမှ အဂတိအမှုများ ဖြစ်သည့် ဦးဖြိုးမင်းသိန်းက ရွှေနှင့် ဒေါ်လာပေးခဲ့ရကြောင်း ထွက်ဆိုထားသည့် အမှုနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ဆက်စပ်ပြီး စွဲဆိုထားသည့် အဂတိမှု လေးမှုတို့ကို တနင်္လာနေ့တိုင်း စစ်ဆေးနေပြီး ရဟတ်ယာဉ် ကိစ္စနှင့် ပတ်သက်ပြီး စွဲဆို ခံထားရသည့် အဂတိမှု ငါးမှုကို အင်္ဂါနေ့တိုင်း စစ်ဆေးနေခြင်း ဖြစ်သည်။

#Mizzima

#ဒေါ်အောင်ဆန်းစုကြည်

#COVID-19

#ရုံးချိန်း

#အထူးတရားရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required