မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်ကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး၊ အသက်အန္တရာယ်စိုးရိမ်ရ 

By ဂျာမုန်း 
28 March 2022
မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်ကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး၊ အသက်အန္တရာယ်စိုးရိမ်ရ 
Photo - Poison

မတ် ၂၈

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်တွင် မန္တလေးသပိတ်အင်အားစု၌ တက်ကြွစွာပါဝင်နေသူ Felix (ခေါ်) မောင်ကျော်စွာဝင်း ယမန်နေ့ မတ်လ ၂၇ ရက်တွင် စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခြင်းခံလိုက်ရသည်ဟု သိရသည်။

အသက် ၁၉ နှစ်အရွယ်၊ အထက်တန်းကျောင်းသား Felix (ခေါ်) မောင်ကျော်စွာဝင်းသည် ယမန်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ဖမ်းဆီးခံလိုက်ရကြောင်းနှင့် ဖမ်းဆီးချိန် အပြင်းအထန် ရိုက်နှက်၊ နှိပ်စက်၊ ထိုးကြိတ်ခံခဲ့ရကြောင်း မန္တလေးသပိတ်အင်အားစုမှ ထုတ်ပြန်ထားသည်။ 

“ မနေ့က မနက်ပိုင်းထိ ကျွန်တော်တို့နဲ့အတူရှိတယ်။ နေ့လယ်လောက်မှ Felix က ကိစ္စတစ်ခုရှိတာနဲ့ သူတစ်ယောက်ထဲထွက်သွားတာ အဖော်လည်းခေါ်မသွားဘူးဗျ။ စက်မှုဘက်ထဲကို သွားတယ်လို့တော့ သိရတယ်။ အဲ့လိုထွက်သွားပြီးတဲ့နောက် နှစ်နာရီ သုံးနာရီလောက်ကြာတော့ ကျွန်တော်တို့ဖုန်းတွေ ဆက်တိုက်ဆက်တယ် မကိုင်ဘူး။ နောက်ပိုင်း နေ့လယ် ၂ နာရီပတ်ချာလည်လောက်ကျတော့ ဖုန်းတွေချချပစ်တာ။ နောက်ဆုံးကျွန်တော်တို့ဆက်တဲ့အခေါက်မှာ ကိုင်တာကြတော့ သူမဟုတ်ဘူး။ ယောက်ကျားရင့်မာအသံကြီးနဲ့ မင်းတို့ဘယ်မှာလဲဆိုပြီးမေးတာ၊ ဘေးမှာလည်းအသံတွေက အများကြီးပဲ။ အဲ့နောက်မှာ Felix ကိုယ်တိုင် သူ့အသံနဲ့ ကျွန်တော်တို့အဖွဲ့ထဲက လူတွေကို ဖုန်းတွေဆက်တယ်၊ သူ့ကို လာခေါ်ပေးဖို့ပြောတယ်။ ဒါပေမယ့် သူ့အသံက လှိုင်ခေါင်းသံကြီးနဲ့ ဘေးမှာလည်း တခြားအသံ‌တွေ ဆူညံနေတယ် စကစ(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေရဲ့အသံ။ အဲဒါကြောင့် ကျွန်တော်တို့က သူအဖမ်းခံလိုက်ရတယ်ဆိုတာကို အတည်ပြုနိုင်တာ”ဟု မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးက ဖြစ်ကြောင်းကိုရှင်းပြသည်။ 

ဖမ်းဆီးခံရစဉ် အကြမ်းဖက်ရိုက်နှက်ခံထားရကြောင်းသိရှိရသဖြင့် မန္တလေးသပိတ်အင်အားစုမှ Felix ၏ အသက်အန္တရာယ်အတွက် အလွန်အမင်းစိုးရိမ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ လက်ရှိတွင် မည်သည့်နေရာ၌ ဖမ်းဆီးခံထားရကြောင်း မသိရသလို အဆက်အသွယ်လည်း ထပ်မံမရတော့ကြောင်း အဆိုပါအဖွဲ့ဝင်ကပြောသည်။ 

“ဖုန်းထဲမှာ နောက်ကနေ သူ့ကိုရိုက်နှက်နေတဲ့အသံတွေလည်းကြားရတယ်။ ဘယ်နေရာမှာ ဖမ်းသွားပြီး ဘယ်ကိုခေါ်သွားလဲဆိုတာတော့ ခုထိ မသိရသေးဘူး။ ဖြစ်ဖို့များတာကတော့ စက်မှုဘက်ခြမ်းဆိုတော့ စက်မှုရဲခင်းကိုခေါ်သွားတယ်လို့တော့ လက်ရှိယူဆထားတယ်။ ဒါပေမယ့် စက်မှုရဲခင်းကို သူ့မိသားစုက သွားစုံစမ်းတော့ အဲ့မှာလည်းမရှိဘူးလို့ စက်မှုရဲခင်းကဖြေလိုက်တယ်ဗျ” ဟု သူက ဆက်ပြောသည်။ 

လက်ရှိ ဖမ်းဆီးခံလိုက်ရသည့် Felix အပြင် မန္တလေးသပိတ်အင်အားစု ဦးဆောင်သူ ကိုသူရအောင်အပါအဝင် လေးဦးမှာလည်း ဖေဖော်ရီလ ၉ ရက်နေ့တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက် ဝင်ရောက်စီးနင်း ဖမ်းဆီးခံလိုက်ရသည်။ တစ်လ နီးပါးအဆက်အသွယ်ပြတ်တောက်ပြီးနောက် လက်ရှိ နန်းတွင်းစစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်ကြောင်း သိရှိရသည်။ 

#MizzimaTV
#မန္တလေးမြို့ 
#ပြည်ကြီးတံခွန်မြို့နယ် 
#စက်မှုဇုန် 
#ရိုက်နှက်ဖမ်းဆီး 
#အသက်အန္တရာယ်စိုးရိမ်ရ 
#သပိတ်အင်အားစု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly