မြန်မာစစ်တပ်ကို စစ်လက်နက်နှင့် နည်းပညာအကူအညီပေးခြင်း ရပ်တန့်ရန် အမေရိကန်၊ EU အပါအဝင် နိုင်ငံပေါင်း ၂၀ တောင်းဆို

မြန်မာစစ်တပ်ကို စစ်လက်နက်နှင့် နည်းပညာအကူအညီပေးခြင်း ရပ်တန့်ရန် အမေရိကန်၊ EU အပါအဝင် နိုင်ငံပေါင်း ၂၀ တောင်းဆို

မတ် ၂၇

မြန်မာစစ်တပ်အား စစ်လက်နက်အကူအညီပေးခြင်း၊ နည်းပညာအကူအညီပေးခြင်းများရပ်တန့်ရန် အမေရိကန်၊ EU အပါအဝင် နိုင်ငံပေါင်း ၂၀ ကတောင်းဆိုလိုက်သည်။

ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နှင့် အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား၊ ကနေဒါ၊ ဂျော်ဂျီယာ၊ အိုက်စ်လန်၊ လက်ချင်စတိန်း၊ မာရှယ်အိုင်လန်၊ မက်ခရိုနီးရှား၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မက်ဆီဒိုးနီးယား (မြောက်)၊ နော်ဝေး၊ ပလောင်း၊ ကိုရီးယား၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံ တပ်မတော်နေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုခြင်းဖြစ်သည်။

"ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် A/RES/75/287 နှင့်အညီ မြန်မာနိုင်ငံသို့ စစ်လက်နက် ပစ္စည်းကိရိယာများ၊ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ နည်းပညာအကူအညီပေးအပ်ခြင်းများ ရပ်တန့်ခြင်းဖြင့် မြန်မာပြည်သူများကို အားပေးထောက်ခံကြရန် နိုင်ငံအားလုံးကို မိမိတို့ တိုက်တွန်းပါသည် " ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လွန်ခဲ့သည့်တစ်နှစ်တာကာလအတွင်း မြန်မာစစ်တပ်၏ သတ်ဖြတ်ခြင်းခံရသူများ၊ အကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများကို အမှတ်ရမိကြောင်း၊ ယခင်နှစ် တပ်မတော်နေ့တွင် အနည်းဆုံး လူ ၁၀၀ ခန့် သတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချို့သောနိုင်ငံများသည် မြန်မာစစ်အာဏာရှင်အဖွဲ့က ၄င်းတို့၏ အကြမ်းဖက်မှုများနှင့် ဖိနှိပ်ညှဉ်းပန်းမှုများကို ဆက်လက်ဆောင်ရွက်နိုင်စေမည့် သေစေနိုင်လောက်သည့် လက်နက်အထောက်အပံ့များကို ဆက်လက် ပေးအပ်လျက်ပင် ရှိသည်ဟု စုပေါင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရန် ထပ်မံတောင်းဆိုကြောင်း အဆိုပါနိုင်ငံများကဆိုသည်။

ယခုထုတ်ပြန်ချက်တွင် ပါဝင်တောင်းဆိုသည့်နိုင်ငံများတွင် မြန်မာစစ်တပ်ကို ယခင်ကလက်နက်ပစ္စည်းများ၊ လေ့ကျင့်ရေးရဟတ်ယာဥ်များ၊ ဒုံးလက်နက်များ ရောင်းချကူညီပေးခဲ့သည် ယူကရိန်း၊ ကိုရီးယား၊ ဆားဘီးယားနိုင်ငံများလည်း ပါဝင်လာသည်ကိုတွေ့ရသည်။

မြန်မာစစ်တပ်အတွက် အဓိကလက်နက်ရောင်းချသည့် နိုင်ငံများမှာ ရုရှား၊တရုတ်၊ အိန္ဒိယ အစရှိသည့်နိုင်ငံများဖြစ်ပြီး ရုရှားနိုင်ငံမှာ မြန်မာစစ်တပ်၏ စစ်ဗိုလ်များကို ရုရှားသို့ခေါ်ယူကာ သင်တန်းပေးခြင်းများကို ယခင်နှစ်များစွာကတည်းက လုပ်ကိုင်နေခြင်းဖြစ်သည်။

#Mizzima

#EU

#စစ်လက်နက်

#စစ်အာဏာရှင်အဖွဲ့

#တပ်မတော်နေ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly