ထိန်းသိမ်းသည်းခံရန် စစ်တပ်ကို တိုက်တွန်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်အတွက် ဆွေးနွေးခဲ့ဟု အာဆီယံသံတမန် ပြော

ထိန်းသိမ်းသည်းခံရန် စစ်တပ်ကို တိုက်တွန်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်အတွက် ဆွေးနွေးခဲ့ဟု အာဆီယံသံတမန် ပြော

မတ် ၂၃

ထိုးစစ်များအတွင်း ထိန်းသိမ်းသည်းခံမှု ပြသရန် မြန်မာအာဏာသိမ်းစစ်တပ်ကို တိုက်တွန်းခဲ့သည်ဟု အာဆီယံအထူးသံတမန်ဖြစ်သူက မတ်လ ၂၃ ရက်တွင် ပြောသည်။ ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ တရားရုံးအမှု ရင်ဆိုင်နေရဆဲဖြစ်သည့်အတွက် သူမနှင့် တွေ့ခွင့် ပြုမည် မဟုတ်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကို ပြောခဲ့သည်ဟု အာဆီယံအထူးသံတမန်က ပြောသည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ် အပါအဝင် အကျဉ်းကျခံနေရသူများ ပြန်လွတ်ရေးအတွက် ၎င်းအနေဖြင့် ကြိုးပမ်းခဲ့သည်ဟု အာဆီယံအထူးသံတမန် ပရက်ခ် ဆော့ခွန်းက ပြောသည်။ ရှေ့ကာလတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်အပြင် အခြားထိန်းသိမ်းခံထားရသူများနှင့် တွေ့ဆုံရန် ပန်ကြားချက်တစ်ခုကို စဉ်းစားပေးသွားမည်ဟု မင်းအောင်လှိုင်က ၎င်းကို ပြောခဲ့သည်ဟု ဆော့ခွန်းက ပြောသည်။

ယမန်နှစ်က စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချဖယ်ရှားခဲ့ရာ ယင်းက ဆယ်စုနှစ်တစ်စုကြာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနောက်ပိုင်း နိုင်ငံတွင် ပရမ်းပတာဖြစ်မှုနှင့် သွေးထွက်သံယိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်သည် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဉပဒေ ချိုးဖောက်မှုနှင့် အဂတိလိုက်စားမှု စွဲချက်များ အပါအဝင် ပြစ်မှု တစ်ဒါဇင်ကျော်အတွက် တရားရုံး အမှုရင်ဆိုင်နေရသည်။ ပြစ်မှုတစ်ချို့အတွက် သူမတွင် အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ထားခဲ့သော်လည်း သူမက စွဲချက်အားလုံးကို ပယ်ချထားခဲ့သည်။

ယခုအပတ် ၎င်း၏ မြန်မာခရီးစဉ်က အာဏာသိမ်းစစ်တပ်ကို တရားဝင်ဖြစ်စေမှုအဖြစ် ဝေဖန်သူများက ရှုမြင်မှုအပေါ် ၎င်းအနေဖြင့် နားလည်ပါကြောင်း ပရက်ခ် ဆော့ခွန်းက ပြောသည်။ သို့သော် ၎င်း၏ နှစ်ရက်တာ ခရီးစဉ်က အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်ရေးအတွက် အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းတစ်ခုဖြစ်သည်ဟု ၎င်းအနေဖြင့် ရှုမြင်သည်ဟု ပြောခဲ့သလို မြန်မာအကျပ်အတည်း ဖြေရှင်းရေးက ကမ္ဘောဒီးယား၏ ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမှုသက်တမ်းအတွင်း လုပ်ဆောင်နိုင်မည်မဟုတ်ဟု ၎င်းက ပြောသည်။

“မြန်မာ့အရေးက ရှုပ်ထွေးပါတယ်။ ဒါကို ဖြေရှင်းဖို့ အချိန်ကာလရှည်တစ်ခု လိုပါတယ်။ ကျွန်တော်တို့ဟာ ဒါကို ဥက္ကဋ္ဌသက်တမ်းတစ်ခု ဒါမှမဟုတ် လက်ရှိ ဥက္ကဋ္ဌ သက်တမ်းအတွင်းမှာ မဖြေရှင်းနိုင်ပါဘူး” ဟု ၎င်းက ကမ္ဘောဒီးယားသို့ အပြန် သတင်းထောက်များကို ပြောသည်။

“ခရီးစဉ်နဲ့ပတ်သက်လို့ မျှော်မှန်းချက်လယ်ဗယ် အသီးသီး ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ အပစ်အခတ်ရပ်စဲမှုတစ်ခု၊ သက်ဆိုင်ပတ်သက်သူ အားလုံးနဲ့ ကျွန်တော် တွေ့ဆုံတာ၊ ဒီမိုကရေစီကို မူလအခြေအနေအတိုင်း ပြန်သွားတာတို့ကို မြင်ချင်တဲ့သူတွေ ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်” ဟု ၎င်းက ပြောသည်။

“ဝေဖန်မှုတွေ နောက်ကွယ်က အကြောင်းရင်းတွေကို ကျွန်တော် နားလည်ပါတယ်။ သူတို့က နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီဝင်တွေကို တရားဝင်ဖြစ်မှု မပေးစေချင်ပါဘူး” ဟု ၎င်းက ပြောသည်။

ပရက်ခ် ဆော့ခွန်း၏ ခရီးစဉ်က အာဏာသိမ်းစစ်အုပ်စု ဆန့်ကျင်သူများအတွက် မချင့်မရဲ စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး အကြောင်းမှာ ယင်းခရီးစဉ်တွင်  ၎င်းသည် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများအပေါ်တွင်သာ အဓိက ဗဟိုပြုပြီး အခြားသော ပါတီအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုအများစုကို ဖျက်သိမ်းထားခဲ့၍ဖြစ်သည်။

မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုကို အဆုံးသတ်ရန် ယမန်နှစ်က သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး တိုးတက်မှု မမြင်ရမချင်း အာဆီယံသည် ယင်း၏ ထိပ်သီးတွေ့ဆုံပွဲများ၌ မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။

မြန်မာအာဏာသိမ်းစစ်တပ်သည် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများ ကျူးလွန်ထားပြီး အရပ်သားများအပေါ် တမင်ရည်ရွယ် ပစ်မှတ်ထားနေခဲ့သည်ဟု ကုလသမဂ္ဂက ပြီးခဲ့သည့်အပတ်က ပြောခဲ့သည်။ ယင်းအပေါ် အာဏာသိမ်းစစ်တပ်က မတုံ့ပြန်ထားသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly