မော်လိုက်မြို့နယ်တွင် ပျူစောထီးသင်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဗိုလ် အပါအဝင် ၄ ဦး သေဆုံး

မော်လိုက်မြို့နယ်တွင် ပျူစောထီးသင်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဗိုလ် အပါအဝင် ၄ ဦး သေဆုံး

မတ် ၁၅

စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့နယ်၌ စစ်ကောင်စီတပ် သင်တန်း ပေးနေသော ပျူစောထီးအဖွဲ့ကို ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်း အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ဗိုလ် တစ်ဦးနှင့် ပျူစောထီး သုံးဦး သေဆုံးခဲ့သည်ဟု PDF - ကလေးဝ က ယမန်နေ့ ညပိုင်းက ထုတ်ပြန်သည်။

မော်လိုက်မြို့ တစ်ဖက်ကမ်း ၁၀ မိုင် အကွာရှိ ထော်သာကျေးရွာ၌ ပျူစောထီးသင်တန်းကို ယမန်နေ့ မတ်လ ၁၄ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ကာဘိုင်သေနတ် ငါးလက်၊ ကာဘိုင်ကျည် ၈၅၀ တောင့်၊ ၅.၅၆ ကျည် ၃၉၀ တောင့် ၊ A3 ဗုံးသီး နှစ်လုံးနှင့် ဖုန်း ခြောက်လုံးတို့ သိမ်းဆည်း ရမိခဲ့ပြီး ပျူစောထီး ခေါင်းဆောင် အိမ်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကာ သင်တန်းပေးနေသည့် နေရာကိုလည်း ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

" အဲ့ဒီရွာက ပျူစောထီးရွာလို ဖြစ်နေတာ။ အဲ့ဒီသင်တန်းမှာ စစ်ကောင်စီဘက်က ဗိုလ်တစ်ဦးနဲ့ တပ်သား နှစ်ယောက်ရှိတယ်။ သင်တန်း တက်နေတဲ့ ပျူစောထီးကတော့ ၂၅ ယောက် လောက်ပေါ့။ သင်တန်းစတာ မကြာသေးဘူး။ ကျွန်တော်တို့ ဝင်တိုက်တာ။ မနက် အစောကြီးဆိုတော့ ပြေးတဲ့ သူတွေကလည်း ပြေးကုန်တယ် " ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် PDF - ကလေးဝမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို People's Defence Force - Kalewa ၊ Mawlaik People's Defence Force နှင့် မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက် ဒဏ်ရာ အကျအဆုံး မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထော်သာ ကျေးရွာသည် အိမ်ခြေ ၁၆၀ ကျော် ရှိသည့် ရွာကြီးဖြစ်ပြီး အများစုမှာ စစ်ကောင်စီတပ်ကို ထောက်ခံသည့် ပျူစောထီးများ ဖြစ်ပြီး ယခုကဲ့သို့ ပျူစောထီး သင်တန်းပေးခြင်းသည် မော်လိုက်မြို့နယ်တွင် ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါ ကျေးရွာ၌ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော် မော်လိုက်မြို့မှ လာရောက်ကာ တပ်စွဲထားသည်။

#Mizzima

#မော်လိုက်မြို့

#ပျူစောထီး

#PDF

#စစ်ကောင်စီဗိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly