မြောက်ဥက္ကလာပမြို့နယ်တွင် မိသားစုအချက်အလက်များကို ပုံစံစာရွက်များဖြင့် လိုက်လံဖြည့်ခိုင်းနေ

မြောက်ဥက္ကလာပမြို့နယ်တွင် မိသားစုအချက်အလက်များကို ပုံစံစာရွက်များဖြင့် လိုက်လံဖြည့်ခိုင်းနေ

မတ် ၁၄

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့များမှ ဦးဆောင်ပြီး သန်းခေါင်စာရင်းနှင့်အလားတူ မိသားစုအချက်အလက်များကို ပုံစံစာရွက်ဖြင့် လိုက်လံဖြည့်ခိုင်းနေသည်ဟု ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

''ကျွန်တော်တို့ ည/ရပ်ကွက်မှာတော့ တစ်နေ့ကစပြီး ရာအိမ်မှူးတွေကစာရွက်တွေလိုက်ဝေတယ်။ပုံစံတွေသေသေချာချာဖြည့်လို့ပြောတယ်။ သန်းခေါင်စာရင်းလည်းရှိနေပြီးသားကို ဘာကြောင့်ကျွန်တော်တို့က ထပ်ဖြည့်ရတာလဲလို့မေးတော့ “ငါတို့လည်းမသိဘူး။ အထက်ကခိုင်းလို့မင်းတို့ဆီကိုလာဝေပေးတာ ။အဲဒီထဲကအတိုင်းသာဖြည့်ပေးထားပြီးမှ ငါတို့လာသိမ်းမယ်”လို့ ရာအိမ်မှူးတစ်ယောက်ကပြောသွားတာ''ဟု ည/ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါ ရပ်ကွက်အတွင်း ပုံစံစာရွက်များဖြည့်တင်းခြင်းနှင့်ပတ်သက်ပြီး ''တကယ်ဆိုရင်ကျွန်တော်တို့က မဖြည့်ချင်ဘူးဗျ ။ဘာလုပ်မှန်းမသိဘဲ ကိုယ့်ရဲ့အချက်အလက်တွေကို အသေးစိတ်ပေးလိုက်ရတာ။ သူတို့သိချင်ရင် သန်းခေါင်စာရင်းတောင်းကြည့်လေ။အခုက အရင်စစ်အစိုးရလက်ထက်ကလို ကိုယ့်ရဲ့အိမ်ရှေ့မှာ မိသားစုဓါတ်ပုံနဲ့ လူဦးရေစာရင်းကို ကပ်ထားရမယ့်ပုံစံဖြစ်နေတယ်။ အဲဒီလိုလည်းမကြာခင်ပြန်လုပ်လိမ့်မယ်ထင်တယ်''ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ရပ်ကွက်အတွင်း မိသားစုအိမ်ထောင်စု အချက်အလက်များ ကောက်ခံခိုင်းသည့်ပုံစံတွင် အမည်၊ ကျား/မ၊ မွေးသက္ကရာဇ်၊ အသက်၊ မှတ်ပုံတင်၊ အဘအမည်၊ အမိအမည်၊ လူမျိုး၊ တော်စပ်ပုံ၊ အလုပ်အကိုင်၊ မသန်စွမ်းအမျိုးအစား၊ရပ်ဝေးသွားရောက်သည့်နေရာ၊ နေရပ်လိပ်စာ ၊အိမ်ထောင်စုအမှတ်နှင့် မှတ်ချက်တို့ကိုပြည့်စုံစွာဖြည့်စွက်ရသည်။

#Mizzima

#ရန်ကုန်တိုင်း

#မြောက်ဥက္ကလာပမြို့နယ်

#ပုံစံစာရွက်

#မိသားစုအချက်အလက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly