မြန်မာစစ်ဘေးရှောင်များ မီဒီယာ အင်တာဗျူး ဖြေကြားခွင့် မပြုကြောင်း မီဇိုရမ် အာဏာပိုင်များ ထုတ်ပြန်

မြန်မာစစ်ဘေးရှောင်များ မီဒီယာ အင်တာဗျူး ဖြေကြားခွင့် မပြုကြောင်း မီဇိုရမ် အာဏာပိုင်များ ထုတ်ပြန်

မတ် ၁၂

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မြို့တော် အိုက်ဇောရှိ စခန်းတွင်းနှင့် ပြင်ပနေ မြန်မာ စစ်ဘေးရှောင်များ လိုက်နာရန် စည်းကမ်းချက် များကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင် Deputy Commissioner (DC) လက်မှတ်ထိုး ထုတ်ပြန်ထားကြောင်း ဒေသခံများ ထံမှ သိရသည်။

စည်းကမ်းချက် ရှစ်ချက်ပါ ထုတ်ပြန်ချက်တွင် စစ်ဘေးရှောင် မည်သူမဆို DC နှင့် တာဝန်ခံများ အသိအမှတ် ပြုခြင်းနှင့် ခွင့်ပြုချက် မရှိဘဲ ဒေသတွင်းနှင့် နိုင်ငံတာကာ မီဒီယာများတွင် အင်တာဗျူး ဖြေကြားခွင့် မရှိကြောင်း ဆိုသည်။

“ကျွန်တော်တို့က ဘာပြောနိုင်မှာလဲ၊ ကိုယ့်အိမ် ကိုယ့်ယာတွေ ကိုတောင် စွန့်ပြီး လာခဲ့ကြရတာဘဲ၊ သူများဆီက နေစရာလေး တစ်နေရာ ပေးတာကို တောင်းဆိုချက်တွေ တောင်းဆို ရတာမျိုး အတွက် အားမရှိပါဘူး၊ ကိုယ့်နိုင်ငံသားတွေ ဒီဖက်ရောက်သူ အချင်းချင်း ဒါတွေက မသင့်တော်ဘူးလို့ ထောက်ပြပြီး အချက်အလက်တွေ ဖြေလျှော့အောင် လုပ်ဆောင်ပေး ကြရင်တော့ အကောင်းဆုံးပေါ့” ဟု အမည်မဖော်လိုသူ စစ်ဘေးရှောင်က မဇ္ဈိမကို ပြောသည်။

အိုက်ဇောမြို့ရှိ စစ်ဘေးရှောင်များ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက် ရှိ Local- Village Level Committee on Myanmar Refugees ထံ ကိုယ်ရေး အချက်အလက် ပြည့်စုံစွာဖြင့် သတင်းပို့ရမည် ဖြစ်ပြီး စခန်းတွင်းသို့ တာဝန်ရှိသူ၏ ခွင့်ပြုချက် ဖြင့်သာ ဝင်ရောက်နိုင်မည် ဖြစ်ကာ အကြောင်း အမျိုးမျိုးကြောင့် ပြောင်းရွှေ့ခြင်း၊ ခရီးသွားခြင်းများ အတွက် သတင်းပို့ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ကြောင်း သိရသည်။

“အဓိက ကမ့်(စခန်း) တွင်းနေနဲ့ ပြင်ပ အတွက်ရောပြီး ထုတ်လိုက်တော့ နားလည်မှု လွဲသွားနိုင်စရာတွေ ဖြစ်သွားနိုင်တယ်၊ စခန်းတွင်းမှာ နေထိုင်သူတွေ အတွက်က တာဝန်ခံ တွေမှာ တာဝန်ရှိတယ်၊ အပြင်မှာ တစ်ခုခု ဖြစ်ခဲ့သော် ဆိုတာမျိုးပေါ့၊ ကျွန်တော်တို့ နားလည် သလောက်ကတော့ သူတို့ လုံခြုံရေး အတွက် စဉ်းစားပြီး ထုတ်လိုက်တာပါ” ဟု အာဏာပိုင်များနှင့် နီးစပ်သူက မှတ်ချက်ပြု ပြောသည်။

မြန်မာ စစ်ရှောင်များသည် ဥပဒေမဲ့ စီးပွားရှာခြင်းများ မပြုရန်၊ မီဇိုရမ် ပြည်နယ်၏ ဥပဒေနှင့် ရပ်ကွက် စည်းကမ်းများ လိုက်နာပြီး အိန္ဒိယနိုင်ငံ၏ ဥပဒေများ လေးစား လိုက်နာရန် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်နယ် အစိုးရ ဆောင်ရွက်ပေးမှု မရှိ မခြင်း နိုင်ငံသား တောင်းခံပိုင်ခွင့ ်မရှိကြောင်း ခရိုင် အာဏာပိုင်များ ပြုလုပ် ပေးထားသော အထောက်အထား ကဒ်များ အတုပြုလုပ်ခြင်းနှင့် အလွဲသုံးစား မပြုလုပ်ရန် သတိပေး ထားသည်။

COVID-19 ရောဂါ ပြန့်ပွားမှု ရှိနေသမျှ အစိုးရ ထုတ်ပြန်ချက်များ ကောင်းမွန်စွာ လိုက်နာရန်နှင့် စည်းကမ်းချက်များ မလိုက်ပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား စစ်ဘေးရှောင်း ၃၀၀၀၀ ကျော် ရှိနေကြောင်း အကူအညီပေးရေး အဖွဲ့အစည်းများထံမှ သိရသည်။

#Mizzima

#မြန်မာစစ်ဘေးရှောင်များ

#မီဒီယာ

#အိန္ဒိယနိုင်ငံ

#မီဇိုရမ်

#DeputyCommissioner

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly