မတ် ၆
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်သို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ် အများအပြား သေဆုံးပြီး နှစ်ဦး ဖမ်းမိကာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ မတ်လ ၆ ရက်တွင် ကရင်နီပြည်နယ် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ထံက သိရသည်။
''မနေ့ကစပြီး ဒီနေ့ထိ တိုက်ပွဲ ဖြစ်နေတာပါ။ မနေ့က စစ်ကောင်စီဘက်က ၃၅ ယောက်လောက် သေတယ်။ ဒီနေ့လည်း အများကြီးသေတော့ အားပိုတက်တယ်။ အရမ်းမြိန်တယ်။ RPG တစ်ခု အပါအဝင် လက်နက် ခုနှစ် လက် သိမ်းဆည်းရမိပါတယ်။ အရှင်ဖမ်းထားတဲ့ နှစ်ယောက်ကိုတော့ အခု စစ်မေးနေတယ်” ဟု တိုက်ပွဲဝင်နေသည့် ရဲဘော်က မဇ္ဈိမကို ပြောသည်။
အဆိုပါ တိုက်ပွဲတွင် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်၊ DMO PDF ၊ LOIKAW PDF ၊ ဖယ်ခုံ PDF ၊ KA ၊ KNDF နှင့် ညီနောင် မဟာမိတ် အဖွဲ့များ ပူးပေါင်း ခုခံ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကျောက်ဆည်ကန်မှ ဆုတ်ခွာသွားကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၅ ရက် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီတပ် လက်ချက်ကြောင့် CTU နည်းပညာ လက်ရုံးတပ်၏ ဒရုန်းတစ်စင်း ပျက်စီးခဲ့ကြောင်း အထိနာနေသည့် စစ်ကောင်စီတပ် ည ၉ နာရီ ဝန်းကျင်တွင် ပြည်သူများ ရှိရာသို့ တာဝေးပစ် အမြှောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း People Defence Force (DMO- Local PDF) က ထုတ်ပြန်ထားသည်။
#MizzimaTV
#ဒီးမော့ဆို
#PeopleDefenceForce(DMO- Local PDF)
#တာဝေးပစ်အမြှောက်