စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦး သုတ်သင်နိုင်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ဆို

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦး သုတ်သင်နိုင်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ဆို

မတ် ၆

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း၊ ဆောမြို့နယ် အတွင်း ဇန်နဝါရီ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့ အထိ တိုက်ပွဲ ကိုးကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၇ ဉီး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) က ယနေ့ မတ်လ ၆ ရက်တွင် ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ် မဆာတွီ၊ ဆွဲလွဲကျင်း၊ ကျင်းဒွေးနှင့် မောချောရွာများ အနီး နှစ်လအတွင်း တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့ပြီး ဆောမြို့နယ်တွင် နှစ်ကြိမ်၊ အပေါနားရွာနှင့် ကန်ပက်လက်မြို့ပေါ်တွင် တစ်ကြိမ်  ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

ယင်းတိုက်ပွဲများတွင် CDF - Kanpetlet တပ်ဖွဲ့ ရဲဘော် တစ်ဉီး ကျဆုံးပြီး စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကန်ပက်လက်နေ ပြည်သူတစ်ဉီး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

“စစ်ကောင်စီက စစ်ကြောင်းတွေ ထိုးလာတာတွေရှိတော့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်တယ်၊ ပြည်သူများ အနေဖြင့်  ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်တဲ့ အသိပေး ထုတ်ပြန်ချက်ကို လိုက်နာကြဖို့နဲ့ CDF – Kanpetlet Page မှ ဆက်သွယ်ပြီး အကူအညီများ ပေးကြဖို့ ပြောချင်တယ်” ဟု CDF Kanpetlet တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲများအား မဟာမိတ်များ ဖြစ်သော ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ဆောမြို့) PDF – Saw ၊ ယောကာကွယ်ရေးတပ်ဖွဲ့ YDF ၊ ကျောက်ထု ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) CDF- Daai ၊ ချင်းအမျိုးသား တပ်မတော် CNA နှင့် CDF – Kanpetlet တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် မောချေင်းရွာမှ လူနေအိမ် လေးလုံး မီးရှို့ဖျက်ဆီးကာ နေအိမ်များ ဖောက်ထွင်း၍ ပစ္စည်းများ ခိုးယူခဲ့ပြီး မဆာတွီးကျေးရွာတွင် နွားနောက် နှစ်ကောင်အား ပစ်သတ်ကာ တစ်ကောင် ချက်စား၍ တစ်ကောင် ယူဆောင်သွားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
#MizzimaTV
#ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)
#ဆောမြို့နယ်
#သုတ်သင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required