NUG နှင့် တရားဝင် ဆက်သွယ်ခြင်း မရှိဟု ရက္ခိုင့်တပ်တော်ဆို

NUG နှင့် တရားဝင် ဆက်သွယ်ခြင်း မရှိဟု ရက္ခိုင့်တပ်တော်ဆို

မတ် ၅

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် တရားဝင် ဆက်သွယ်ခြင်း မရှိဟု ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက ပြောသည်။ 

ယနေ့ မတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့်  ရက္ခိုင့်တပ်တော် (AA) သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ NUG နဲ့ တရားဝင် ဆက်သွယ်ချက် မရှိဘူး။ သူတို့က နွေဦးတော်လှန်ရေးမှာ ရပ်တည်တယ်။ ကျွန်တော် တို့ကတော့ ရက္ခိတ လမ်းစဉ်အတိုင်း ရပ်တည်ပြီး သွားနေတာ။ နောက်ပြီး ULA/AA ဟာ NUG အဖွဲ့ဝင်လည်း မဟုတ်တဲ့အတွက် တရားဝင် ဆက်သွယ်ချက်တော့ မရှိဘူး ”ဟု ခိုင်သုခက ပြောသည်။

NUG လုပ်ငန်းများတွင် တရားဝင်ဆက်သွယ် လုပ်ဆောင်ခြင်းများ  မရှိသော်လည်း ရက္ခိုင့်တပ်တော် (AA) သည် မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းများ ရှိသည်ဟု ဆိုသည်။

‘’PDF တွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ပြောရမယ်ဆိုရင် တစ်ခုမှ မရှိတဲ့ အနေအထားနဲ့ လုပ်ရဲတဲ့ သတ္တိကို ကျွန်တော်တို့က မချီးကျူးဘဲ မနေနိုင်ပါဘူး။ သို့ပေမယ့် PDF တွေ အနေနဲ့ စည်းကမ်းပိုင်းနဲ့ စုစည်း ညီညွတ်မှု အပိုင်းကို အခုထက်ပိုပြီး စနစ်တကျ ထိန်းကျောင်းမှု ရှိမယ်ဆိုရင် ပိုပြီး ကောင်းလာ မယ်လို့ ကျွန်တော်တို့ မြင်တယ် ” ဟု လည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ပတ်သက်၍  ခိုင်သုခက မှတ်ချက်ပြု ပြောဆိုသည်။

မြန်မာ ပြည်မအတွင်းရှိ ပြည်သူများ ဖိနှိပ် ခံနေရမှုများကို  ကိုယ်ချင်း စာမိကြောင်းနှင့် ဖိနှိပ် ခံရမှုမှ  လွတ်မြောက်ရန်  ကြိုးစားနေသည့် စိတ်ဓာတ်ကို  လေးစား အသိမှတ်  ပြုသည်ဟုလည်း ၎င်းက ဆိုသည်။

#Mizzima
#NUG
#ရက္ခိုင့်တပ်တော်
#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly