ပုသိမ်မြို့တွင် စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက  နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

ပုသိမ်မြို့တွင် စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက  နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

မတ် ၄

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ၁၆ ဦးကို ယနေ့ မတ်လ ၄ ရက် မနက်ပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ကြောင်း ပုသိမ်အကျဉ်းထောင်ဝန်ထမ်း ထံကသိရသည်။

အဆိုပါ အကျဉ်းသားများသည် ပုသိမ်မြို့နယ်မှ အမျိုးသားများဖြစ်ကြောင်း၊ပုဒ်မ ၁၈၈ နှင့် ပုဒ်မ ၅၀၅ အမှုနှစ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

"ဒီမနက် အမိန့်ချခံရတဲ့ အမျိုးသား ၁၆ ယောက်လုံးက ပုသိမ်ကပါ။ ထောင်ထဲက တရားရုံးမှာ တရားသူကြီးက အဲ့ဒီ ၁၆ ယောက်ကို ဝန်ခံမလား ဝန်ခံရင် အကုန်လုံးကို တစ်ခါတည်း နှစ်နှစ်စီချပေးမယ်လို့မေးတယ်။ နိုင်ငံရေးအကျဥ်းသားတွေက ဝန်ခံလို့ ထောင်နှစ်နှစ်စီချလိုက်တာပါ"ဟု၎င်းကဆိုသည်။

ယင်းအပြင် သာပေါင်းမြို့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုအောင်အောင်ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ကို မတ်လ ၃ ရက် မနက်ပိုင်းတွင် ပုသိမ်ထောင်တွင်းတရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သေးကြောင်း အကျဥ်းထောင်ဝန်ထမ်းကပြောသည်။

ပုသိမ်အကျဉ်း ထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်အထိရှိသည့် အနက် ထောင်တွင်း တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ  ၄၁ ဦးရှိကြောင်း ပုသိမ်အကျဉ်းထောင် ဝန်ထမ်း၏ အပြောအရ သိရသည်။

#MizzimaTV
#ပုသိမ်အကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly