အလှမယ် ချောရူပါသက် Miss Heritage International အဖွဲ့နှင့် ပူးပေါင်းပြီး အမျိုးသမီးနှင့် ပတ်သက်သည့် လုပ်ငန်းများ လုပ်ဆောင်မည်

အလှမယ် ချောရူပါသက် Miss Heritage International အဖွဲ့နှင့် ပူးပေါင်းပြီး အမျိုးသမီးနှင့် ပတ်သက်သည့် လုပ်ငန်းများ လုပ်ဆောင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ။              ။ အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် Miss Heritage International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆု ၅ဆု ရရှိခဲ့သည့် အလှမယ် ချောရူပါသက်သည် Miss Heritage International Organization အဖွဲ့နှင့် ပူးပေါင်းပြီး အမျိုးသမီး နှင့် ပတ်သက်သည့် လုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်သည်။

Miss Heritage Myanmar 2015 ချောရူပါသက် ၏ Miss Heritage International ပြိုင်ပွဲအား အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် သွားရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြင့် ဆု ၅ဆု ရရှိခဲ့ခြင်း အပေါ် စာနယ်ဇင်း များအား အသိပေး ရှင်းလင်း တင်ပြခြင်း နှင့် စာနယဇင်းများထံ ယုံကြည်စွာ အပ်နှံခြင်းနှင့် ဂုဏ်ပြုပွဲပြုလုပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၉ရက်က ရန်ကုန်မြို့ရှိ Central Hotel၌ ပြုလုပ်ခဲ့သည်။

Miss Heritage International ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် နီပေါနိုင်ငံတွင် ပြုလုပ်ခဲ့သည့် Miss Heritage International 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အလှမယ် လှယဉ်ကျေးက Miss Heritage International 2014 ဆုကို ရရှိခဲ့ပြီး အလှမယ် ချောရူပါသက်ကတော့ ဒုတိယ အကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

အလှမယ် ချောရူပါသက်က "ညီမအနေနဲ့ Miss Heritage International Organization ကို Promote လုပ်ပေးရမယ်။ Women Empowerment အမျိုးသမီးထုအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းပေါ့။ အဲဒီမှာ ညီမက Ambassador အနေနဲ့ ဝင်ခဲ့ရပါတယ်။ သူတို့နဲ့ အဲတာတွေ လက်တွဲပြီး လုပ်ဖို့ ရှိတယ် တီချယ်လှနုတို့နဲ့လည်း သူတို့ လိုအပ်တဲ့ အပိုင်းတွေမှာ ဝင်ရောက် လုပ်ကိုင်ပေးသွားမှာပါ" ဟု ပြောသည်။

အလှမယ် ချောရူပါသက်သည် Miss Heritage International Organization နှင့်အပြင် မြန်မာနိုင်ငံတွင်လည်း ၎င်း၏ Organization ဖြစ်သည့် Style Plus H သင်တန်းကျောင်း မှ မလှနုထွန်း တို့နှင့် အတူ စကားပြော စွမ်းရည်ပြိုင်ပွဲ နှင့် Talent Show များကို ပြုလုပ်သွားမည် ဖြစ်သည်။

Miss Heritage International 2015 ပြိုင်ပွဲကို ဒီဇင်ဘာ ၆ရက် မှ ၁၂ရက် အထိ အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ထိုပြိုင်ပွဲတွင် အလှမယ် ချောရူပါသက် က 2nd runner up ( Crown)၊ Best Body Award (gold Medal) ၊ Peace Of White Dress Contest 1st Prize(gold medal) ၊ National Flag Dress & Sing a National Song Contest 3rd Prize(Bronze Medal)၊ Social Media Contest 3rd Prize (Bronze Medal) တို့ကို ရရှိခဲ့သည်။

အလှမယ် ချောရူပါသက်သည် လက်ရှိတွင် ဂျာနယ်၊ မဂ္ဂဇင်းများအတွက် ဓာတ်ပုံများ ရိုက်ကူးပေးလျက် ရှိပြီး အနုပညာ အလုပ်များကိုလည်း အချိန်ရရင် ရသလို လုပ်သွားမည် ဖြစ်ပြီး ပညာရေးပိုင်းကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly