ကရင်နီပြည်ကို စစ်ကောင်စီတပ်က ၂ ပတ် ဆက်တိုက် ထိုးစစ်ဆင်

ကရင်နီပြည်ကို စစ်ကောင်စီတပ်က ၂ ပတ် ဆက်တိုက် ထိုးစစ်ဆင်

မတ် ၄

ကရင်နီပြည်ကို အကြမ်းဖက် စစ်ကောင်စီတပ်က နှစ်ပတ် ဆက်တိုက် အင်အား အများအပြားဖြင့် ထိုးစစ် ဆင်နေပြီး တိုက်ပွဲ ဧရိယာ ပို၍ကျယ်ပြန့်လာလျက် ရှိသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ခဲ့သည့် မိုးဗြဲ တိုက်ပွဲသည် မတ်လ ၄ ရက်နေ့အထိ ဆက်တိုက် ပြင်းထန်နေပြီး မိုးဗြဲမှ နန့်မယ်ခုံ၊ နန့်မယ်ခုံမှ ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာ တစ်ဝိုက်ထိ ရောက်ရှိ လာသည်ဟု လွိုင်ကော် PDF က သတင်း ထုတ်ပြန်သည်။

“ ပူဖားမှာ တိုက်ပွဲ ဖြစ်တယ်။ မနေ့ကရော ၊ ဒီနေ့မှာ အဲ့ဒီရွာနားမှာ တိုက်ပွဲ ဖြစ်တယ်” ဟု KNDF တာဝန် ရှိသူကလည်း အတည်ပြုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သည် မိုးဗြဲမှ နေ၍ ဒီးမော့ဆို ဘက်သို့ ဦးတည်ကာ ခြေလျင်တပ် အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်း သုံးကြောင်း ခွဲကာ ထိုးစစ် ဆင်နေခြင်း ဖြစ်သည်။

ထို့အပြင် သံချပ်ကာ ကား၊ အဝေးပစ် ဒုံးကား၊ ရဟတ်ယာဉ်၊ လေယာဉ်များကို အသုံးပြုပြီး ချီတက် လာသည်ဟု ဆိုသည်။

“အဝေးပစ် ဒုံးကားကတော့ ကျွန်‌တော် သေသေချာချာ အမျိုးအစား မသိဘူး။ အဲ့ဒါက အသစ်။ အဲ့ကားက နောက်ကနေ ဝိုင်းပစ် ပေးတယ်။ နောက်ပြီး သူတို့ တပ်စခန်းတွေ ကနေလည်း အမြောက်တွေ ဝိုင်းပစ် ပေးတယ် ” ဟု KNDF တာဝန်ရှိသူက ဆိုသည်။

ထို့ကြောင့် တိုက်ပွဲများ အတွင်း လွိုင်ကော်-PDF၊ KA ၊ KNDF ၊ ဒီးမော့ဆို-PDF၊ အလယ်ပိုင်းတိုင်း အထူး တိုက်ခိုက်ရေး အဖွဲ့ နှင့် အတူ အခြားသော မဟာမိတ် တပ်ပေါင်းစုများ ပူးပေါင်းကာ နေ့စဉ် နေ့တိုင်း ၂၄ နာရီ တာဝန် ခွဲဝေပြီး တိုက်ပွဲ ဝင်နေကြရသည်ဟု ဆိုသည်။

အဆိုပါ ၁၄ ရက်တာ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ စာရင်း ကောက်နေဆဲ ဖြစ်ပြီး ထုတ်ပြန် ပြောဆိုလိုခြင်း မရှိသေးဟု ၎င်းက ဆက်ဆိုသည်။ သို့သော် နောက်ပိုင်း တိုက်ပွဲများတွင် ကရင်နီ ပူးပေါင်းတပ်များ ဘက်မှ အထိအခိုက် နည်းပါးကြောင်းလည်း လွိုင်ကော် PDF က ထုတ်ပြန်ထားသည်။

တိုက်ပွဲများကြောင့် စစ်ရှောင် ဦးရေလည်း တိုးပွားလာပြီး ယခင် စစ်ရှောင် ၁၇၀,၀၀၀ မှသည် နှစ်ပတ်အတွင်း စစ်ရှောင်ဦးရေ ၂၀၀,၀၀၀ ကျော်အထိ ရှိလာပြီဟု သိရသည်။

“ လူဦးရေ ၃၀၀,၀၀၀ ရှိတဲ့ အနက်မှာ အကုန်လုံး ပြည်လုံးကျွတ် စစ်ဘေး ရှောင်တယ်လို့တောင် ပြောလို့ရတယ်။ ကယားပြည်နယ်က (ကရင်နီပြည်) နေစရာ နေရာ မရှိတော့ဘူး။ ပြေးစရာ မြေလည်း မရှိဘူး ” ဟု KNDF တာဝန်ရှိသူက ဆိုသည်။

စစ်ရှောင် အများစုမှာ တော၊ တောင်များကို အားကိုး၍ စစ်ရှောင်နေရပြီး တချို့လူ အနည်းစုမှာ ကရင်နီပြည်မှ ထွက်ခွာသွားသည်ဟု ဆိုသည်။

“ စားဝတ် နေရေးရယ်၊ ဆေးဝါးရယ် လိုအပ်နေတယ်။ ဒီမှာက ဘာမှ လုံလုံလောက်လောက် မရှိဘူး။ ဆေးမရှိတဲ့ နေရာရှိတယ်။ တချို့ စစ်ရှောင်စခန်းတွေမှာ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ ဟာတွေ ရှိတယ်။ အဲ့ဒါတွေက စာရင်းကောက်နေတဲ့ အုပ်စုတွေရှိ တယ်။ မကြာခင် ဖော်ထုတ် ပေးသွားမှာပါ” ဟု KNDF တာဝန်ရှိသူက ဆက်ပြောသည်။

စစ်ရှောင်ပမာဏ တိုးပွားလာသကဲ့သို့ နားရက်မရှိ ဆက်လက် ခုခံစစ် ဆင်နွဲနေရ၍ ကာကွယ်ရေး တပ်များ၏ လိုအပ်ချက်များလည်း မြင့်တက်နေခြင်းကြောင့် ပြည်သူများက ကူညီပေးပြီး ပူးပေါင်း ပါဝင်ကြရန်လည်း လွိုင်ကော် PDF က သတင်းထုတ်ပြန်ထားသည်။

#Mizzimatv

#ကရင်နီပြည်

#KNDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly