သံဖိုရွာ စစ်ရှောင်များ နေအိမ်ပြန်မလာပါက သူပုန်ဟု သတ်မှတ် သတ်ပစ်မည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

သံဖိုရွာ စစ်ရှောင်များ နေအိမ်ပြန်မလာပါက သူပုန်ဟု သတ်မှတ် သတ်ပစ်မည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

မတ် ၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ သံဖိုရွာ၏ အနောက်ဘက် စစ်ရှောင်စခန်းတွင် နေထိုင်သူများကို စစ်တပ်က နေအိမ်များတွင် ပြန်လည်နေထိုင်ရန်နှင့် လေးရက် ပြည့်သည့် နေ့တွင် ရွာထဲ ပြန်မလာ သူများကို PDF သူပုန်များအဖြစ် သတ်မှတ် ဖမ်းဆီး သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။

ယင်းစစ်ဘေးရှောင် စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်က စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းကလည်း သံဖိုရွာထဲရှိ လူနေအိမ် နှစ်လုံးနှင့် ဆန်စက်တစ်လုံးကို စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ အခုဆိုရင် ရန်ကြီးအောင်ရွာမှာ နေအိမ် ၁၂ အိမ်နဲ့ သံဖိုရွာမှ နေအိမ်နှစ်လုံးနဲ့ ဆန်စက်တစ်လုံး မီးရှို့ခံရလိုက်တယ်။ ဆန်စက်ကတော့ စစ်တပ်က မီးရှို့ပြီး ထွက်သွားတဲ့ အချိန်မှာ ရွာထဲကလူတွေ ဝိုင်းငြိမ်းလိုက်နိုင်တယ်။ ပြီးတော့ ကျွန်တော်တို့ စစ်ရှောင်စခန်းမှာရှိတဲ့ ဆိုင်ကယ် ၁၈ စီးနဲ့ ဟွန်ဒါမီးစက် နှစ်လုံးကိုလည်း မီးရှို့သွားကြတယ်'' ဟု သံဖို စစ်ရှောင်စခန်း တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလ အတွင်း စစ်တပ်က ရွာထဲရှိ နေအိမ် တစ်လုံးကို မီးရှို့ပြီးနောက် ဒေသခံများသည် သံဖိုရွာနှင့် လေးမိုင်ခန့် အကွာရှိ ချင်းတောင်ခြေတွင် တဲများထိုးပြီး စားနပ်ရိက္ခာများ ကြိုတင် စုဆောင်းကာ သံဖို စစ်ရှောင်စခန်းအဖြစ် စုစည် နေထိုင်ကြခြင်း ဖြစ်သည်။

''ရွာထဲမှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ခဏခဏ ပစ်နေတော့ ဘယ်သူမှ မနေရဲကြတော့ဘူးလေ။ ရွာထဲမှရှိတဲ့ ပစ္စည်းကောင်းတွေလည်း အားလုံး သယ်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့က စစ်ရှောင်စခန်းမှာ တဲထိုး နေကြတာ၊ အခုလည်း စစ်ရှောင်စခန်းတွေကို မီးတွေရှို့ပြီး ကျွန်တော်တို့တွေ စုဆောင်းထားတဲ့ ဆန်တွေ အားလုံး ဖောကား နှစ်စီးနဲ့ နှစ်ခေါက်တောင် လာသိမ်းသွားတယ်'' ဟု သံဖိုစစ်ရှောင်စခန်းတွင် နေထိုင် သူကဆိုသည်။

လက်ရှိ သံဖိုရွာသား အများစုသည် ကလေးမြို့သို့ ထွက်ပြေး ပြောင်းရွှေ့ နေထိုင်နေကြပြီး စစ်ရှောင်စခန်း တွင် အနည်း အငယ်သာ ကျန်ရှိတော့ကြောင်း သံဖိုရွာနှင့် ရန်ကြီးအောင်ရွာသည် ရွာချင်းဆက် ရွာကြီး ဖြစ်ပြီး အိမ်ခြေ ၈၀၀ ကျော်ရှိကြောင်း သိရသည်။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly