အဆိုတော် ဖိုးသား၏ ကမ္ဘာတည်သရွေ့ တေးအယ်ဘမ်ကို DVD ထွက်ရှိမည်

အဆိုတော် ဖိုးသား၏ ကမ္ဘာတည်သရွေ့ တေးအယ်ဘမ်ကို DVD ထွက်ရှိမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ။          ။ အဆိုတော် ဖိုးသားသည် ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော် အခွေ ဖြစ်သည့် ကမ္ဘာတည်သရွေ့ တေးအယ်ဘမ်ကို DVD အနေဖြင့် ဇန်နဝါရီ ၂၁ရက်တွင် The Sun Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမည် ဖြစ်သည်။

အဆိုတော် ဖိုးသား၏ ကမ္ဘာတည်သရွေ့ တေးအယ်ဘမ်ကို DVD အနေဖြင့် ဖြန့်ချိမည့် အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို အနော်ရထာလမ်း နှင့် ဗိုလ်တစ်ထောင်ဘုရားလမ်းထောင့် ရှိ Orchid Hotel ၌ ကျင်းပခဲ့သည်။

အဆိုတော် ဖိုးသားက "ဒီ DVD အခွေက ၄နှစ်လောက် ကြာခဲ့ပါတယ်။ အချိန်ကြာသွားရတာကတော့ ကြားမှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် အဲလို အချိန် ကြာသွားပေမယ့် ကွာလတီ အရရော Animation တွေကိုလည်း အကောင်းဆုံး လုပ်ထားပါတယ်" ဟု ပြောသည်။

၎င်းအနေဖြင့် ကမ္ဘာတည်သရွေ့ တစ်ကိုယ်တော် တေးအယ်ဘမ် Audio CD ကို ၂၀၁၁ ခုနှစ်တွင် စတင် ဖြန့်ချိခဲ့ပြီး DVD အခွေ ထွက်ရှိရန် အချိန် ၄နှစ် ကြာခဲ့ကာ ယခု DVD အခွေကို ၂၀၁၆ ခုနှစ်မှ ထွက်ရှိခြင်းဖြစ်သည်။

DVD အခွေတွင် Audio CD ထွက်ရှိစဉ်က ပါဝင်သည့် တေးသီချင်း ၁၀ပုဒ် အပြင် အတွဲအခွေ အနေဖြင့် အဆိုတော် သအို၊ နောနော် တို့ဖြင့် ထွက်ရှိထားသည့် စေလိုရာစေ တေးအယ်ဘမ်ထဲမှ တဒင်္ဂတေးသီချင်းကို ထည့်သွင်း ရိုက်ကူး ပေးထားသည်။

ဒါရိုက်တာများ အဖြစ် မျိုးမြင့်ဆွေ၊ စိန်လင်း(ပြင်ဦးလွင်)၊ ဇော် (Total Soluction) တို့မှ ရိုက်ကူး ပေးထားကာ သရုပ်ဆောင်များ အနေဖြင့် ခန့်စည်သူ၊ နိုင်နိုင်း၊ နေမင်း၊ ဇင်မိုး၊ ဘုဏ်းသိုက်၊ ထိုက်စံမော့စ်၊ ဒေါင်း၊ အောင်လေး၊ ဖိုးသား၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ချစ်စနိုးဦး၊ မေ၊ Mဆိုင်းလု၊ ရွှေရေးခြယ်၊ ရွှေသမီး အပြင် တခြား သရုပ်ဆောင်များမှလည်း ပါဝင် သရုပ်ဆောင် ပေးထားသည်။

အဆိုတော် ဖိုးသား အနေဖြင့် ၎င်း၏ တတိယမြောက် တစ်ကိုယ်တော် အခွေကိုလည်း ၂၀၁၆ ခုနှစ် ထဲတွင် ထွက်ရှိရန် စီစဉ်ထားပြီး ဒုတိယ အခွေထက် တေးသီချင်း ပုံစံမျိုးတွေ ကွာသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly