ဖမ်းဆီးဖိနှိပ် သတ်ဖြတ်မှုများရှိနေသော်လည်း သပိတ်တိုက်ပွဲ ဆက်လက် ဆင်နွဲမည်ဟု ဆန္ဒပြလူငယ်များဆို

ဖမ်းဆီးဖိနှိပ် သတ်ဖြတ်မှုများရှိနေသော်လည်း သပိတ်တိုက်ပွဲ ဆက်လက် ဆင်နွဲမည်ဟု ဆန္ဒပြလူငယ်များဆို

ဖေဖော်ဝါရီ ၂၇

ရန်ကုန်မြို့တွင်း ဆန္ဒပြလူငယ်များအပေါ် စစ်ကောင်စီက ဖမ်းဆီးဖိနှိပ် သတ်ဖြတ်မှုများ ရှိနေသော်လည်း သပိတ်တိုက်ပွဲများ ဆက်လက် ဆင်နွဲမည်ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ သပိတ်ဦးဆောင်သူ ကိုနန်းလင်းက ဆိုသည်။

“သပိတ် ရဲဘော်တွေလည်း တောက်လျှောက် အဖမ်းဆီးခံနေရ ပစ်ခတ်ခံနေရတဲ့ အခြေအနေတွေ ရှိပါတယ်။ ဘယ်လိုဘဲ ဖိနှိပ်သတ်ဖြတ် ဖမ်းဆီးနေလည်း လမ်းပေါ် သပိတ်တိုက်ပွဲတွေ လူထုလှုပ်ရှားမှု တွေကတော့ အားကောင်းကောင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့အတွင်း ပြောက်ကျား သပိတ်ဆင်နွဲနေသော ဆန္ဒပြလူငယ်များအား ပြည်သူများက ဝိုင်းဝန်း အကူအညီ ပေးကြရန် ဆန္ဒပြ သပိတ်ခေါင်းဆောင်များက ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်တွင် မေတ္တာရပ်ခံ တောင်းဆိုထားသည်။

ပြည်သူများ အနေဖြင့် ရန်ကုန်မြို့တွင်း စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြတောင်းဆိုနေသည့် လူငယ်များအား တတ်နိုင်သည့်ဘက်မှ ကူညီပေးရန်၊ ဆန္ဒပြ လူငယ်များ လွတ်မြောက်ရာ ပြေးလမ်းကြောင်း များကို ညွှန်ပြပေးရန်နှင့် ဆန္ဒပြ လူငယ်များ အကြောင်း မေးမြန်းလာပါက မသိရှိကြောင်း ဖြေကြားပေးရန် စသည်ဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီပါဝင်ပေးကြရန် မေတ္တာရပ်ခံ တောင်းဆိုထားသည်။

ဖေဖော်ဝါရီ ၂၅ ရက်က ဆန္ဒပြရာတွင် ပါဝင်သည့် လူငယ်များ၏ နေအိမ်ကို စစ်ကောင်စီတပ်များ ရှာဖွေ ဖမ်းဆီးခဲ့ရာ ခုနှစ်ဦး ဖမ်းဆီးခံရပြီး ယင်းအနက် တစ်ဦး သေဆုံးကာ နှစ်ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများကပါဝင် ကူညီကြရန် မေတ္တာရပ်ခံခြင်းလည်း ဖြစ်သည်။

#MizzimaTV

#ဆန္ဒပြ

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required