မရမ်းကုန်းမြို့နယ်တွင် သပိတ်လူငယ်များ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရ

မရမ်းကုန်းမြို့နယ်တွင် သပိတ်လူငယ်များ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရ
ပုံစာ - ရန်ကုန်သပိတ်တစ်ခုတွင် ပါဝင်သည့် လူငယ်တစ်ဦးကို တွေ့ရစဉ်။ (ပုံဟောင်း)

ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၌ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကောင်စီက ရပ်ကွက်အတွင်း ဝင်ရောက်ရှာဖွေမှုကြောင့် သပိတ်လိုက်ပါသည့် လူငယ်များ ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာဖြင့် ဖမ်းဆီးခံရကာ ပြည်သူများပါ အဖမ်းခံခဲ့ရကြောင်း MSI Youth Defence Forces တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြုသည်။

“ဒလန် သတင်းပေးကြောင့်ပါ။ လမ်းထိပ်မှာ လူတစ်ယောက်ကို တင်ပြီး လက်ညိုးထိုး ပြောပြီး လိုက်ပြခိုင်းတာ။ ထိခိုက်ကျဆုံး လူငယ်တွေက ကျွန်တော်တို့ အဖွဲ့ကတော့ မဟုတ်ပါဘူး တစ်ခြားအဖွဲ့ကပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ညနေ ၅ နာရီ ဝန်းကျင်မှ ၆ နာရီ ခန့်အထိ စစ်ကောင်စီတပ်က ယင်း လူငယ်များကို ဝင်ရောက် ဖမ်းဆီးခံရသည့် လမ်းတောက်လျှောက် ပစ်ခတ်ကြရင်း MRTV-4 ဝင်း (ရေကူးစတူဒီယို)အထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ၎င်းက မြေပြင်သတင်းရင်းမြစ်တစ်ခုကို ကိုးကားကာ ပြန်လည်ပြောပြသည်။ အသေးစိတ်ကိုမူ မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

ထိုပစ်ခတ်မှုအတွင်း လူငယ်တစ်ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူလူငယ် နှစ်ဦးကို စစ်တပ်က အရေးပေါ်ကားဖြင့် ခေါ်ဆောင်သွားပြီး အပစ်မဲ့ ပြည်သူလေးဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင် တွေ့ရှိသူများက ဆိုသည်။

ဒလန် သတင်းပေးမှုကြောင့် သပိတ်လူငယ်များ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များကို နမူနာယူ၍ MSI Youth Defence Forces က “ပြည်သူကို ပြောချင်တာကတော့ ရပ်ကွက်ထဲက ဒလန်တွေ စာရင်းကိုလည်း ကျွန်တော်တို့ကို တတ်နိုင်သလောက် ပေးပို့ပေးပါ။ အာဏာရှင်စနစ် မကျမဆုံးမချင်း ပြည်သူတွေရဲ့ အသက်ကို ကာကွယ်ပေးသွားမှာပါလို့ ကတိပေးပါတယ်” ဟု မေတ္တာရပ်ခံ ထားသည်။

ရန်ကုန်မြို့တွင် ယမန်နေ့က ပြုလုပ်သော သပိတ်စစ်ကြောင်းတစ်ခုမှ လူငယ်တစ်ဦးလည်း သပိတ်မှ လူစုခွဲပြီး အပြန် ရန်ကင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသေးသည်။

#ရန်ကုန်သပိတ်

#မရမ်းကုန်း

#စစ်ကောင်စီ

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly