နန်းမယ်ခုံတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထောင်ပေါင်းများစွာ ဘေးလွတ်ရာ တိမ်းရှောင် 

နန်းမယ်ခုံတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထောင်ပေါင်းများစွာ ဘေးလွတ်ရာ တိမ်းရှောင် 
Photo - AFP

ဖေဖော်ဝါရီ ၂၅

ကရင်နီပြည်နယ်၌ စစ်ကောင်စီသည် မြေပြင်တပ်များ တပ်ဖြန့်ပြီး လက်နက်ကိုင်တပ်ဖွဲ့များကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း မျက်မြင်များ၊ ပြည်တွင်းမီဒီယာများနှင့် အကူအညီပေးရေး အဖွဲ့များက ကြာသပတေးနေ့တွင် ပြောပြီး ယင်းသို့ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ 

ထိုင်းနိုင်ငံနှင့် နယ်စပ်ဖြစ်ပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တို့ စစ်ကောင်စီကို လပေါင်းများစွာ တွန်းလှန်တိုက်ခိုက်နေရာ ကရင်နီပြည်နယ် နန်းမယ်ခုံရွာကို ဒုတိယမြောက်နေ့အဖြစ် တိုက်ခိုက်မှုများ ဆင်နွှဲလာခြင်း ဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်ကာ ကြာသပတေးနေ့အထိ စစ်ကောင်စီထံ ထင်မြင်ချက်ပေးရန် ဆက်သွယ်ရေး မရသေးသကဲ့သို့ နိုင်ငံပိုင်မီဒီယာကလည်း ယင်း တိုက်ပွဲများအကြောင်း ထုတ်ပြန်ခြင်း မရှိပေ။ 

အနီးနားတွင် လက်နက်ကြီး ပေါက်ကွဲသံများ ကြားရခြင်းနှင့်အတူ ကျေးရွာတွင် အိမ်ခြေများ မီးလောင်နေသည့် ဗီဒီယိုကို ယင်းဒေသ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Free Burma Rangers အဖွဲ့က ထုတ်ပြန်သည်။ 

“ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာလည်း ဗုံးတွေ ကြဲလာပြန်တယ်၊ မော်တာကျည် ပစ်ခတ်တာတွေနဲ့ ခြေလျင်တပ် တိုက်ခိုက်တာတွေကြောင့် ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ပြေးရှောင်ရပြန်တယ်”ဟု ယင်းအဖွဲ့ကို တည်ထောင်သူ David Eubank က မက်ဆေ့ချ်ရေးသားပေးပို့သည်။ 

ဗုဒ္ဓဟူးနေ့က လူနှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရသည်ဟု Eubank က ဆိုသည်။ 

သေဆုံးသည့် သတင်းကို KNDF ကိုယ်စားလှယ်တစ်ဦးက အတည်မပြုနိုင်သော်လည်း ဗုဒ္ဓဟူးနေ့မှစပြီး ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားပေါ်ပေါက်သည်ဟု ပြောသည်။ ယခု သတင်းနှင့်ပတ်သက်ပြီး ရိုက်တာအနေဖြင့် လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိပေ။ 

စစ်တပ်သည် ၂၀၁၁ ခုနှစ်အထိ ဆယ်စုနှစ် ငါးစုကျော် မြန်မာနိုင်ငံအား အုပ်ချုပ်ခဲ့သော်လည်း ယခုအချိန်တွင်မူ မြို့များ၌ ဆန္ဒပြသူမှုများ၊ အရပ်ဒေသအချို့၌ လက်ကိုင်ကိုင် တွန်းလှန်မှုများနှင့် စစ်ဗိုလ်ချုပ်ကြီးများအား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကြားတွင် အာဏာ ခိုင်မြဲတောင့်တင်းရေးအတွက် ရုန်းကန်ရလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly