တွံတေးမြို့နယ်တွင် အမျိုးသား ၃ ဦးကို တွေ့ရှိသတင်းပေးပါက ဆုငွေချီးမြှင့်မည်ဟု စစ်တပ်က ဓာတ်တိုင်များတွင် စာလိုက်ကပ်

By စိုင်းခန့်
21 February 2022
တွံတေးမြို့နယ်တွင် အမျိုးသား ၃ ဦးကို တွေ့ရှိသတင်းပေးပါက ဆုငွေချီးမြှင့်မည်ဟု စစ်တပ်က ဓာတ်တိုင်များတွင် စာလိုက်ကပ်

ဖေဖော်ဝါရီ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ပုံပါ အမျိုးသားသုံးဦးကို တွေ့ရှိကြောင်း သတင်းပေးပါက ထိုက်တန်စွာ ဆုငွေချီးမြှင့်မည်ဟုဆိုကာ စစ်ကောင်စီတပ်က ဓာတ်တိုင်များတွင် စာလိုက်ကပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“၁၉ ရက်နေ့လောက်ကတည်းက တွံတေးမြို့ပေါ် (၈) ရပ်ကွက်က ဓာတ်တိုင်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ စစ်တပ်က လိုက်ကပ်နေတာ။ မနေ့ကတော့ တွံတေးမြို့နယ်အတွင်းက ကျေးရွာတွေ အထိပါ လိုက်ကပ်တယ်။ ဓာတ်ပုံထဲမှာပါတဲ့ သုံးယောက်လုံးက တွံတေးမှာ စစ်အာဏာသိမ်းတဲ့အချိန်ကစပြီး ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတွေပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လူစည်ကားသည့်နေရာများနှင့် ဓာတ်တိုင်များတွင် လိုက်ကပ်နေသည့် စာရွက်တွင် အမျိုးသားသုံးဦး၏ ဓာတ်ပုံကိုဖော်ပြထားပြီး ပြည်သူများအနေဖြင့် သတင်းပေးပါက ပေးပို့သူအမည်ကို လျှို့ဝှက်စွာ သိမ်းဆည်းထားပြီး ထိုက်တန်စွာဆုငွေချီးမြှင့်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ခိုလှုံခွင့်ပေးထားခြင်း၊ သတင်းပေးရန်ပျက်ကွက်ခြင်းနှင့် သတင်းထိန်ချန်ခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်ပြီး အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

“ကျွန်တော်အိမ်ကိုလည်း ဒီကောင်တွေက အရင်ကတည်းက ချိပ်ပိတ်ပြီးပါပြီ။ လူထုလှုပ်ရှားမှုတွေအားကောင်းနေကတည်းက ကျွန်တော့်ကို လိုချင်နေတာ။ အခုလည်း စာလိုက်ကပ်ပြီး ကျွန်တော့်အကြောင်း သတင်းပေးဖို့ပြည်သူတွေကို နှိုးဆော်နေတယ်။ အဲ့ဒီအပေါ်လည်း ဘာမှပြောစရာမရှိပါဘူး။ သူတို့ကလည်း သူတို့လုပ်ရမယ့် အလုပ်ကို တစိုက်မတ်မတ်လုပ်တယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့လုပ်စရာရှိတာတွေကို ဆက်လုပ်သွားရမှာပါ။ လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ သပိတ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ စစ်အာဏာရှင်တော်လှန်ရေးကို နိုင်တဲ့နေရာကနေ ဆက်လုပ်ဖို့ ဆုံးဖြတ်ချက်ချထားပြီးပါပြီ။” ဟု စစ်တပ်၏ ဖမ်း ဝရမ်းထုတ်ခံထားရသူဖြစ်သည့်အပြင် သတင်းပေးပို့ရန် စာကပ်ခံရသူ ကိုထက်က မဇ္ဈိမကိုပြောသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် စစ်တပ် သတင်းပေးဒလန်ဟုဆိုသူများ နှင့် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ဆက်တိုက် သတ်ဖြတ်ခံရမှုများရှိနေပြီး စစ်တပ်ကလည်း အင်အားအလုံးအရင်းအသုံးပြုကာ ပြည်သူများကို ဖိနှိပ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly