ကနီမြို့နယ် အိုင်တောင်အနောက်ရွာက လူနေအိမ် ၁၄ လုံးမီးရှို့ခံရသည့်အပြင် ပြည်သူကိုပါသတ်

ကနီမြို့နယ် အိုင်တောင်အနောက်ရွာက လူနေအိမ် ၁၄ လုံးမီးရှို့ခံရသည့်အပြင် ပြည်သူကိုပါသတ်

ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ အိုင်တောင် အနောက်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ် ၁၄ လုံး ပြာကျသွားခဲ့ကြောင်း ရပ်ကျေး ပ.က.ဖ ခေါင်းဆောင်တစ်ဦးက ပြောသည်။

ယင်းအပြင် ရွာဘုန်းကြီးကျောင်းတွင် ဝေယျာဝစ္စ ဆောင်ရွက်ပေးသည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားခဲ့သည်ဟု ၎င်းက ပြောသည်။

"ဒီကောင်တွေက လူစိတ်ကင်းမဲ့နေကြတယ်ဗျ။ ကျောင်းထိုင်ဆရာတော်က စစ်ကောင်စီ တပ်တွေ လာလို့ ပြေးကြရအောင်ပြောတော့ ဘုန်းကြီးကျောင်းကို စိတ်မချလို့ ကျောင်းစောင့် နေရစ်ခဲ့တဲ့ ဘုန်းကြီးကျောင်း ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးနေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုချောထွန်းကို လည်ပင်းကို ဓားနဲ့ မွှန်းပြီး ကျောင်းလှေကားကနေ အောက်ကို ကန်ချထားတဲ့ အနေအထားတွေ လှေကားထစ်မှာ ပေကျန်နေတဲ့ သွေး စတွေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရတယ်ဗျ”ဟု ဒေသခံ ရပ်ကျေးပ.က.ဖ ခေါင်းဆောင်တစ်ဦးက ပြောသည်။

အိုင်တောင်အနောက်ရွာကို ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၆ နာရီတွင် မီးစတင်ရှို့ခဲ့ပြီး အိမ် ၁၄ လုံး၊ ဝက်တဲ နှစ်လုံး မီးလောင်ပြာကျခဲ့ခြင်းဖြစ်သည်။

အိုင်တောင် ကျေးရွာသည် ကနီမြို့နယ်နှင့် ၁၈မိုင်ဝေးပြီး လက်ရှိ ရွာလုံးကျွတ် နီးပါး စစ်ဘေးရှောင်နေရသည့် ရွာတစ်ရွာ ဖြစ်သည်။

စစ်ကောင်စီတပ်များသည် ယနေ့ နံနက် ၃ နာရီတွင် ချိုင်ဒင်ပေါက်ကျေးရွာကို ရောက်ရှိပြီး ဒင်ပေါက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားကြောင်းလည်း သိရသည်။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly