NUG နှင့် ဦးကျော်မိုးထွန်းအား ထောက်ခံချီတက်သည့် ရွာပေါင်းစုံသပိတ်

အောက်တိုဘာလ ၇ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သံအမတ်ကြီး ဦီးကျော်မိုးထွန်းအား ထောက်ခံပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

အောက်တိုဘာလ ၇ရက်၊ ယနေ့တွင် နယ်မြေမအေးချမ်းသည့်အခြေအနေအောက်မှ ကျင်းပသည့် ချီတက်ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်အင်အားစုအနေဖြင့် ၅၇၅ရက် မြောက်နေ့ဖြစ်ကြောင်း သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် “Accept NUG & Our ambassador, Reject Dictator” စာတန်းကို ဆွဲကိုင်ပြီး ဦးကျော်မိုးထွန်းအား သံအမတ်နေရာဆက်လက် ထားရှိရေး၊ NUG အစိုးရအားထောက်ခံကြောင်း နှင့် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)