ကမ္ဘာ့ဆရာများနေ့တွင် စက်ဘီးစီးပြီး ဆန္ဒထုတ်ဖော်သည့် ရွာပေါင်းစုံ သပိတ်

အောက်တိုဘာလ ၅ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အင်္ကျီအဖြူရောင်များ ဝတ်ဆင်ပြီး စက်ဘီးများစီးကာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၇၃ ရက် မြောက်အဖြစ် ယနေ့ အောက်တိုဘာ ၅ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြခြင်းဖြစ်သည်။

လူထုသပိတ်စစ်ကြောင်းသည် “Accept NUG & Our ambassador, Reject Dictator” စာတန်းကို ဆွဲကိုင်ပြီး ဦးကျော်မိုးထွန်းအား သံအမတ်နေရာဆက်လက်ထားရှိရေး တောင်းဆိုခဲ့ကြကာ CDM ဆရာ/ဆရာမများနှင့် ကြားကာလပညာရေး ဖော်ဆောင်နေကြသော ဆရာများအား ကျန်းမာစေကြောင်း ဆုတောင်းခြင်းနှင့်အတူ အလေးပြုခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)