သံတွဲမြို့နယ်တွင် ရိုဟင်ဂျာ ၅၃ ဦး ဖမ်းဆီးခံရ

ဩဂုတ်လ ၂၆ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ဂေါ့တောင်ကြောနှင့် မှိုးဟင်းပြင်ကျေးရွာအနီး တောစပ်တွင် မောင်တောမြို့နယ်မှလာသည့် ရိုဟင်ဂျာ ၅၃ ဦးကို သြဂုတ်လ ၁၉ရက်နေ့နှင့် သြဂုတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီမှ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၅၃ ဦးတွင် အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၁၄ဦး ပါဝင်ပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် ရိုဟင်ဂျာ၂၈ဦးနှင့် ယနေ့သြဂုတ်လ ၂၆ရက်နေ့တွင် ၁၁ ဦးကို ဂေါ့ရပ်ကွက်အနီးရှိ တောင်ကြောပေါ်၌ ရောက်ရှိနေသည့်ဟု သတင်းရရှိသည့်အတွက် စစ်ကောင်စီလက်အောက်ခံတပ်သားများက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများမှာ ပွဲစားအကူညီဖြင့် တစ်ဦးလျှင် ငွေကျပ် ၃၅သိန်းစီပေးအပ်ပြီး ရန်ကုန်သို့ အလုပ်လုပ်ရန် သွားခြင်းဖြစ်ကာ လမ်းတွင် မုန်တိုင်းမိပြီးနောက် ကမ်းကပ်ရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ပွဲစားဆိုသူမှ ၎င်းတို့နေထိုင်ရာ မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ လာရောက်၍ ရန်ကုန်သို့ သွားရောက်အလုပ်လုပ်ကိုင်လိုပါက တစ်ဦးလျှင် ငွေကျပ် ၃၅သိန်းဖြင့် ပို့ဆောင်ပေးမည်ဟု ပြောဆိုမှုအရ သဘောတူညီခဲ့ပြီး ၎င်းစီစဉ်ပေးသည့် စက်လှေတစ်စီးဖြင့် ရိုဟင်ဂျာကျား ၃၉ဦး၊ မ ၁၄ဦး၊ စုစုပေါင်း ၅၃ ဦးလိုက်ပါလာခဲ့ရာ သြဂုတ်လ ၁၆ရက်နေ့ ညနေပိုင်းတွင် လေပြင်းမုန်တိုင်းကြောင့် စက်လှေဝမ်းဗိုက်ပေါက်သဖြင့် ကမ်းခြေတစ်ခုသို့ ဆိုက်ကပ်ခဲ့ရကြောင်းနှင့် စက်လှေမောင်းသူ သုံးဦးမှ ၎င်းတို့အား အနီးရှိတောအတွင်း ပုန်းခိုနေထိုင်ရန် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို စစ်ကောင်စီက လဝက အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိပြီး ပို့ဆောင်ပေးသူ ဆက်စပ်တရားခံများကိုလည်း ဖမ်းဆီး ရမိရေးဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ စာမျက်နှာတစ်ခုဖြစ်သည့် ရခိုင်နေ့စဥ် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများမှာ မကြာခဏ ဖမ်းဆီးခံရခြင်းများရှိနေပြီး ယခုနှစ်အတွင်း ဖမ်းဆီးခံရသူ ၁၀၀ခန့်အထိ ရှိနေပြီးဖြစ်ကာ ဖမ်းဆီးခံရသူများကို လဝက အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခြင်းများကို စစ်ကောင်စီက လုပ်ဆောင်နေကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)