WFP ၏ ထောက်ပံ့မှု ရပ်နားခံရသည့်အတွက် ဆန်ပြတ်လပ်မှုကြောင့် ကွတ်ခိုင်စစ်ရှောင်စခန်း ၅ ခုမှ ကလေးငယ်များ အိမ်ဖော်အဖြစ် လုပ်ကိုင်နေရ

ဩဂုတ်လ ၂၁ ရက်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းငါးခုကို ပြီးခဲ့သည့် ဇူလိုင်လမှ စတင်၍ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရိက္ခာထောက်ပံ့မှု ရပ်နားခဲ့သည့်အတွက် ဆန်ပြတ်လပ်မှုကြောင့် အဆိုပါစစ်ရှောင်စခန်းများမှ စစ်ရှောင်ကလေးငယ် ၁၉ ဦးသည် အိမ်ဖော်အဖြစ်သွားရောက် လုပ်ကိုင်နေရ ကြောင်း သိရသည်။

WFP သည် ကွတ်ခိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းကိုးခုအား လစဉ်စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ရာမှ ယခုနှစ် ဇူလိုင်လမှစတင်၍ လူဦးရေ ၁,၁၁၄ ဦးရှိသည့် ဟိုခို၊ လီဆူ၊ မိုင်းယုလေး၊ မုံးစီး KBC နှင့် မုံးစီး RC စစ်ရှောင်စခန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှုရပ်နားလိုက်သောကြောင့် စစ်ရှောင်များစားဝတ် နေရေး ခက်ခဲမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

“ ကျွန်မတို့စခန်းမှာ ငတ်ပြတ်မှုတွေနဲ့တောင် ကြုံနေရတယ်။ မိသားစုအများစုက နေ့လယ်စာတောင် မစားကြရတော့ဘူး။ အဓိကကဆန်ပြတ်တာများတယ်။ တချို့က အနီးအနားမှာရှိတဲ့ အိမ်တွေမှာ လိုက်ပြီး ဆန်တွေချေးငှားယူစားကြတယ်။ တောင်ယာစပါးရတဲ့အချိန် ပြန်အကြွေးဆပ်ပေါ့။ တချို့ကတော့ ဆန် ဆိုင် တွမှာ အကြွေးတွေနဲ့ များနေပြီ" ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

အထက်ပါ စစ်ရှောင်စခန်းငါးခုတွင် ဆန်ပြတ်လပ်မှု မကြုံသည့် မိသားစုအချို့သာရှိပြီး စစ်ရှောင်အများ စုသည် နီးစပ်ရာနေရာမှ ဆန်များကို အကြွေးယူစားနေရသည်ဟု စစ်ရှောင်များကဆိုသည်။

လီဆူ စစ်ရှောင်စခန်းမှ အသက် ၁၃ နှစ်အောက် ကလေးငယ်ရှစ်ဦးသည် WFP ၏ ထောက်ပံ့မှု ရပ်နား ခံရပြီးနောက် စားဝတ်နေရေး အခက်အခဲကြောင့် အခြားဒေသသို့ သွားရောက်၍ အိမ်ဖော်အလုပ် လုပ်ကိုင်နေကြရသည်။

“ ဒီမှာက ဘာအလုပ်မှ မရှိဘူးလေ။ WFP က လစဉ်ထောက်ပံ့မှု ပေးတုန်းက ခံသာသေးတယ်။ အခုက စားဝတ်နေရေး တော်တော်ခက်ခဲနေတယ်။ ဒီစခန်းက ကလေးငယ် ရှစ်ယောက်လောက်က မန္တလေးနဲ့ အခြားမြို့တွေမှာ အိမ်ဖော်သွားလုပ်aeတယ်။ ၁၃ နှစ်အောက်ကလေးတွေ။ ကြားရတာ တစ်နှစ်မှရှစ်သိန်း ပဲရတာ။ တစ်ချို့ကလေးတွေက အိမ်ပြန်ချင်တယ်။ ဒါပေမဲ့ ဒီမှာက စားဝတ်နေရေး ခက်ခဲနေတော့ ပြန် မလာခိုင်းဘူး။ တချို့လူငယ်တွေလည်း တရုတ်ပြည်နဲ့ လောက်ကိုင်ဖက်မှာ အလုပ်သွားလုပ်တာ အဆင်မပြေလို့ ပြန်လာကြတယ်။ အသွားလမ်းစရိတ်က ငွေချေးသွားတာ အခုထိ အကြွေးက မကြေ ကြဘူး။ စခန်းမှာ ဖျားနာနေတဲ့ သက်ကြီးတွေလည်း များနေတယ်" ဟု လီဆူစစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက ပြောသည်။

အိမ်ဖော်အလုပ် သွားရောက်လုပ်ကိုင်သည့် ကလေးငယ်များမှာ လီဆူစခန်းမှ ရှစ် ဦး၊ မိုင်းယုလေးစခန်းမှ ငါး ဦးနှင့် မုံးစီး KBC စခန်းမှ ခြောက် ဦးဖြစ်ပြီး အများစုမှာ မိန်းကလေးငယ်များ ဖြစ်ကြောင်းသိရသည်။

WFP သည် အထက်ပါ စစ်ရှောင်စခန်းများသို့ ယခု သြဂုတ်လ နောက်ဆုံးပတ်တွင် သွားရောက်ရန် ရှိနေပြီး လစဉ်စားနပ်ရိက္ခာ ဆက်လက် ထောက်ပံ့ပေးရန် စစ်ရှောင်များက တောင်းဆိုလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် လူဦးရေ ၄,၆၆၄ ဦးရှိသည့် စစ်ရှောင်စခန်း ၁၃ ခုရှိပြီး ကွတ်ခိုင်မြို့နယ်တွင် စစ်ရှောင်စခန်း ကိုး ခုရှိသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ စောဖေ