လူ့အခွင့်အရေးစိုးရိမ်မှုများအကြား တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ရှင်ကျန်းသို့ သွားရောက်

လူ့အခွင့်အရေးစိုးရိမ်မှုများအကြား တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ရှင်ကျန်းသို့ သွားရောက်

လူနည်းစုတိုင်းရင်းသားများ အထူးသဖြင့် မွတ်စလင်အများစုပါဝင်သော လူနည်းစုတိုင်းရင်းသား ၁ သန်း သို့မဟုတ် ထို့ထက်မကကို တရုတ်အာဏာပိုင်များက ထိန်းသိမ်းထားသည်ဟု စိုးရိမ်မှုများ ရှိနေချိန်တွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ယခုသီတင်းပတ်အတွင်း အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသသို့ သွားရောက်ခဲ့သည်။

အလယ်အာရှမှ အရှေ့ဥရောပအထိ စီးပွားရေးများကို ချိတ်ဆက်ပေးသော ဆိပ်ကမ်းများ၊ မီးရထားနှင့် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း အစီအစဉ်တွင် ရှင်ကျန်းသည် အချက်အချာကျသောနေရာဖြစ်ကြောင်း ရှီက ပြောခဲ့သည်ဟု “ဆင်ဟွာသတင်းဌာန ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

ရှင်ကျန်းတွင် ခွဲထွက်ရေးတောင်းဆိုသည့် ဆူပူမှုများ ဖြစ်ပွားပြီးနောက် သမ္မတရှီလက်ထက်တွင် အာဏာပိုင်များက ဌာနေတိုင်းရင်းသား ဝီဂါနှင့် ကာဇက်အသိုက်အဝန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သည်။

လူထောင်ပေါင်းများစွာကို အကျဉ်းထောင်ကဲ့သို့သော စခန်းများတွင် ထားသည့် နှိပ်ကွပ်မှုကို ယဉ်ကျေးမှုဆိုင်ရာ မျိုးတုံးသတ်ဖြတ်မှုအဖြစ် ဝေဖန်သူများက ဖော်ပြကြသည်။ တရားလက်လွတ်ထိန်းသိမ်းခြင်း၊ မိသားစုများကို ခွဲထားခြင်း၊ နိုင်ငံခြားတွင် ပညာသင်ခြင်း သို့မဟုတ် ပြည်ပနှင့်အဆက်အသွယ်ရှိမှုအတွက် လူများအား အကျဉ်းချ ခြင်းတွင် ပါဝင်ပတ်သက်သော အရာရှိများကို အမေရိကန်နှင့်တခြားနိုင်ငံများက ဗီဇာပိတ်ပင်ခဲ့သည်။

၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်ပါတီ အာဏာရလာပြီးနောက် ဒေသတွင်း ပြဋ္ဌာန်းထားသော စစ်အုပ်ချုပ်ရေးစနစ်အောက်၌ ကိုယ်ပိုင်တရားရုံးများ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေးစနစ်များကို စီမံသည့် ရှင်ကျန်းထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေးအဖွဲ့ (XPCC) ခေါင်းဆောင်များနှင့်လည်း ရှီက တွေ့ဆုံခဲ့သည်။

ရှီသည် နယ်စပ်ဒေသများကို ပြုစုပျိုးထောင်ခြင်းနှင့် အကာအကွယ်ပေးခြင်းတွင် XPCC ၏သမိုင်းကြောင်းကို လေ့လာသိရှိခဲ့သည် ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။

ရှင်ကျန်းသည် ရုရှား၊ အာဖဂန်နစ္စတန်နှင့် မငြိမ်မသက်ဖြစ်နေသော အလယ်အာရှတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိကာ တရုတ်က ၎င်းဒေသအား စီးပွားရေးမက်လုံးများနှင့် လုံခြုံရေးမဟာမိတ်များမှတစ်ဆင့် ၎င်း၏နယ်ပယ်အတွင်း ရှိနေစေရန် ကြိုးစားလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required