နယ်စပ်တွင် တရုတ်က ကျူးကျော်ဝင်ရောက်နေသည့် အမှန်တရားကို အိန္ဒိယအစိုးရက ဖုံးကွယ်ရန် အားထုတ်နေကြောင်း ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ပြောကြား

နယ်စပ်တွင် တရုတ်က ကျူးကျော်ဝင်ရောက်နေသည့် အမှန်တရားကို အိန္ဒိယအစိုးရက ဖုံးကွယ်ရန် အားထုတ်နေကြောင်း ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ပြောကြား

အိန္ဒိယအစိုးရက နယ်နမိတ် ထိန်းချုပ်မျဉ်း (LAC) တွင် တရုတ်၏ ဝင်ရောက်ကျူးကျော်ခြင်းများကို ဖုံးကွယ်ရန် ကြိုးပမ်းအားထုတ်နေကြောင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မန်မိုဟန်ဆင်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

“သူတို့ (BJP ပါတီ ဦးဆောင်တဲ့အစိုးရ) က စီးပွားရေး မူဝါဒကို နားမလည်ပါဘူး။ ဒါဟာ ပြည်တွင်းရေး သက်သက်တစ်ခုပဲ မဟုတ်ဘူး။ အစိုးရက နိုင်ငံခြားရေးမူဝါဒမှာ မအောင်မြင်ဘူး။ တရုတ်က ကျုပ်တို့နယ်စပ်မှာ ထိုင်နေပြီး အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားနေကြတယ်” ဟုလည်း ဆင်းက ပြောကြားသည်။

“နိုင်ငံရေး သဘောထားကွဲလွဲမှုတွေကြောင့် ဖြစ်တဲ့ ပြည်တွင်းရေး တင်းမာမှု သက်သက်မဟုတ်ပါဘူး။ လက်ရှိအစိုးရဟာ နိုင်ငံခြားရေး မူဝါဒမှာ လုံးဝကို ကျရှုံးနေပါတယ်” ဟု ဝန်ကြီးချုပ်ဟောင်းက ပြောကြားသည်။

နိုင်ငံရေးအကျိုးအမြတ်နှင့် အမှန်တရားကို ဖုံးကွယ်ရန် ကွန်ဂရက်က နိုင်ငံကို ခွဲခြမ်းမှု မပြုလုပ်ခဲ့ကြောင်း လည်း ၎င်းက ပြောကြားသည်။

“တစ်ဖက်မှာ ပြည်သူတွေက ငွေကြေးဖောင်းပွမှုတွေနဲ့ အလုပ်လက်မဲ့တွေကို ကြုံတွေ့နေရပြီး အခြားတစ်ဖက်မှာတော့ လွန်ခဲ့တဲ့ ၇ နှစ်ခွဲလောက်ကစပြီး အာဏာရလာတဲ့ လက်ရှိအစိုးရက သူတို့ရဲ့ အမှန်တွေကို ဝန်ခံခြင်း၊ ပြုပြင်ခြင်း လုပ်ရမယ့်အစား ပြည်သူတွေရဲ့ ပြဿနာနဲ့ ပတ်သက်လို့ ပထမဆုံး ဝန်ကြီးချုပ်ဂျာဝါဟာလယ်နေရူးကို အပြစ်ပုံချနေတုန်းပါ” ဟုလည်း ဆင်းက ပြောကြားသည်။

အခြားသူများကို အပြစ်တင်ခြင်းအားဖြင့် တစ်စုံတစ်ယောက်သည် တာဝန်ရှိမှုမှ လွတ်မြောက်နိုင်မည် မဟုတ်သောကြောင့် ဝန်ကြီးချုပ် မိုဒီအနေနှင့် နိုင်ငံ၏ သမိုင်းကို အပြစ်တင်မည့်အစား ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ကြောင်း ဆင်းက အလေးထားပြောကြားသည်။

ဝန်ကြီးချုပ်မိုဒီအနေဖြင့် နိုင်ငံရေးသမားများနှင့် ပွေ့ဖက်ခြင်းများ၊ ဖိတ်ခေါ်မထားဘဲ ဒန်ပေါက်စားရန် သွားခြင်းများဖြင့် ဆက်ဆံရေးသည် တိုးတက်မလာနိုင်ကြောင်းလည်း ဆင်းက တိုက်ခိုက်ပြောကြားခဲ့သည်။

မိုဒီ၏ BJP ပါတီဦးဆောင်သောအစိုးရသည် အမျိုးသားရေးအတုအယောင်နှင့် စိတ်ဝမ်းကွဲစေမည့် မူဝါဒများကို ကျင့်သုံးနေကြောင်းနှင့် ၎င်း၏ နိုင်ငံခြားရေးမူဝါဒသည် ကျဆုံးကြောင်းလည်း ဆင်းက ပြောကြားသည်။

“ဒီအစိုးရရဲ့ အမျိုးသားရေးဝါဒ အတုအယောင်က ဗလာနတ္ထိဖြစ်ပြီး အန္တရာယ်များပါတယ်။ သူတို့ရဲ့ အမျိုးသားရေးဝါဒက ဗြိတိသျှတို့ရဲ့ ခွဲခြားအုပ်ချုပ်ရေး မူဝါဒဖြစ်ပါတယ်။ နိုင်ငံရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ အားနည်းလာပါပြီ” ဟုလည်း ဆင်းက ပြောကြားသည်။

တရုတ်စစ်တပ်က ဖင်းဂါးဧရိယာ၊ ဂယ်လ်ဝမ်တောင်ကြား၊ ရေပူစမ်းနှင့် ကွန်ဂရွန်နာလာအပါအဝင် နေရာအများအပြားတွင် ဝင်ရောက်ကျူးကျော်မှုကို ၂၀၂၀ ပြည့်နှစ် ဧပြီ-မေလတို့မှစတင် လုပ်ဆောင်ခဲ့သောကြောင့် တရုတ်နှင့် အိန္ဒိယစစ်တပ်တို့အကြား တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ပြဿနာများကို ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံ နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တွင် တပ်မှူးအဆင့် ဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပနိုင်ရန် ၁၄ ကြိမ်မြောက် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပြီးနောက် တရုတ်နှင့် အိန္ဒိယတို့အကြား သဘောတူညီချက်ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly