ယူကရိန်းအရေး ထိပ်သီးစည်းဝေးရန် ဂျိုး ဘိုင်ဒင်နှင့် ပူတင်တို့က မူအားဖြင့် သဘောတူ 

ယူကရိန်းအရေး ထိပ်သီးစည်းဝေးရန် ဂျိုး ဘိုင်ဒင်နှင့် ပူတင်တို့က မူအားဖြင့် သဘောတူ 
Photo - AFP

ဖေဖော်ဝါရီ ၂၁

ယူကရိန်းအရေး ထိပ်သီးစည်းဝေးရန် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်နှင့် ရုရှသမ္မတ ဗလာဒီမာ ပူတင်တို့က မူအားဖြင့် သဘောတူကြောင်း အမေရိကန်နှင့် ပြင်သစ်ခေါင်းဆောင်များက ပြောရာ ဆယ်စုနှစ်များအတွင်း အန္တရာယ်အကြီးဆုံး ဥရောပ ပဋိပက္ခတစ်ရပ်မှ ရှောင်လွှဲနိုင်ရေး ဖြစ်နိုင်ခြေ ရှိလာသည်။ 

ဥရောပဒေသ ‘လုံခြုံရေးနှင့် မဟာဗျူဟာ တည်ငြိမ်ရေး’ နှင့် ပတ်သက်သော ထိပ်သီးအစည်းအဝေးသို့ အမေရိကန်နှင့် ရုရှ ခေါင်းဆောင်နှစ်ဦးကို ဆောင်ကြဉ်းနိုင်ခဲ့ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်၏ ရုံးက တနင်္လာနေ့တွင် ထုတ်ပြန်သည်။ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်၌လည်း ဂျိုး ဘိုင်ဒင်သည် ထိပ်သီးအစည်းအဝေးကို ‘မူအားဖြင့်’ လက်ခံသော်လည်း ယူကရိန်းကို ရုရှက မကျူးကျော်မှ စည်းဝေးမည်ဖြစ်ကြောင်း ဆိုသည်။ 

“ကျွန်မတို့အနေနဲ့ သံတမန်ရေးအတွက် အမြဲ အသင့်ရှိပါတယ်”ဟု အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ယန်း ဆာကီက ပြောသည်။ 

ရုရှထံ ထင်မြင်ချက်ပေးရန် ကြိုးစားရာ တနင်္လာနေ့ အစောပိုင်းအထိ ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။ 

မက်ခရွန်၊ ဂျိုး ဘိုင်ဒင်၊ ပူတင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ် ဂျွန်ဆင်တို့ကြား ဖုန်းပြောဆိုပြီးနောက် ကြေညာလာခဲ့သော ယခု အဆိုပြု အစည်းအဝေးနှင့် ပတ်သက်ပြီး တော်တော်များများ အသေးစိတ်ကို မသိရသေးပေ။ ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်ကာ ဖေဖော်ဝါရီ ၂၄ ရက် စီစဉ်ထားသော လာမည့် အစည်းအဝေး၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်နှင့် ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ကြား စီစဉ်ဆွေး‌နွေးသွားမည် ဖြစ်သည်။ 

ယူကရိန်း နယ်စပ်တစ်လွှား၌ ရုရှက စစ်တပ်တပ်ချထားခြင်းကြောင့် သီတင်းပတ်ကြာ တင်းမာမှုများ အရှိန်မြင့်လျက်ရှိချိန်၌ ယခု ထိပ်သီးအစည်းအဝေး သတင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းမှစကာ ရုရှသည် ၎င်း၏ အိမ်နီးချင်း ယူကရိန်း ဝန်းကျင်၌ တပ်များချထားခြင်းဖြစ်ရာ ယူကရိန်းအား ကျူးကျော်ရန် ပြင်ဆင်ထားခြင်းဟု အနောက်နိုင်ငံများက ပြောကြသည်။ 

အဆိုပါ စိုးရိမ်ပူပန်မှုများ ပိုမို တိုးပွားစေခြင်းအဖြစ် တနင်္ဂနွေနေ့တွင် ပြီးစီးရမည်ဖြစ်သော ဘီလာရုစ်၌ ရုရှစစ်ရေးလေ့ကျင့်မှုကို ထပ်သက်တမ်းတိုးမည်ဖြစ်ကြောင်း ဘီလာရုစ် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာလာခြင်း ဖြစ်သည်။ ယူကရိန်းနှင့် အနီးက လယ်ကွင်းများနှင့် သစ်တောများတွင် သံချပ်ကာယာဉ်များနှင့် တပ်ဖွဲ့ဝင်များ နောက်ထပ် တပ်ဖြန့်လာခြင်းကို ဂြိုဟ်တု ဓာတ်ပုံများအရ မြင်တွေ့ရသည်. 

ရုရှ၏ စစ်ရေးလေ့ကျင့်မှု ထပ်တိုးခြင်းသည် ရုရှက ကျူးကျော်ရေးအတွက် ခြေလှမ်းပြင်ခြင်းအဖြစ် စိုးရိမ်မှု ပိုတိုးစေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ပြောသည်။ 

ရုရှကမူ ယင်းသို့သော ကျူးကျော်ရေးအတွက် အစီအစဉ်မရှိဟု ထပ်တလဲလဲ ငြင်းဆန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required