ဖေဖော်ဝါရီလ ၂၀ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် COVID-19 ရောဂါကြောင့် ယမန်နေ့ နှင့် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နှစ်ရက်အတွင်း အသက် ၅၀ ကျော် အရွယ် အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း နာရေးကူညီမှု (ထားဝယ်) အသင်း တာဝန်ရှိသူ ထံက သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်မှု များပြားလျက်ရှိပြီး တိုင်းအတွင်းရှိ ခရိုင်သုံးခုတွင် ဖေဖော်ဝါရီလ အတွင်း ထိုရောဂါကြောင့် လူသေဆုံးမှုသည် ထားဝယ်မြို့နယ်တွင် ပထမဆုံး ဖြစ်သည်ဟု ဒေသအခြေစိုက် ကျန်းမာရေး အဖွဲ့စည်း အသိုင်းအဝိုင်းထံမှ သိရသည်။
လက်ရှိ COVID-19 ရောဂါ ကူးစက်မှု သည် မြိတ်မြို့နယ်တွင် အများဆုံး ဖြစ်ပြီး ဒုတိယမှာ ကော့သောင်းမြို့နယ် ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
ဖေဖော်ဝါရီလ ၁၉ ရက်အထိ တစ်တိုင်းလုံး အတိုင်း အတာဖြင့် စုစုပေါင်း ၆၇၁ ဦးကို COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးရာ ၈၁ ဦးတွင် ရောဂါတွေ့ရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားရာ မြေပြင် သေဆုံးသူ အရေအတွက်နှင့် ကွာခြားလျက်ရှိသည်။