မြန်မာရွှေ့ပြောင်းလုပ်သားများကို မလေးရှားသို့ လူမှောင်ခိုကူးသည့် ထိုင်းအမျိုးသား ဖမ်းဆီးခံရ

မြန်မာရွှေ့ပြောင်းလုပ်သားများကို မလေးရှားသို့ လူမှောင်ခိုကူးသည့် ထိုင်းအမျိုးသား ဖမ်းဆီးခံရ

ဖေဖေါ်ဝါရီ ၂၀

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများကို မလေးရှားသို့ တရားမဝင် မှောင်ခိုပို့ဆောင်ပေးမှုအတွက် အလိုရှိနေသည့် ထိုင်းအမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်တို့က ဖေဖေါ်ဝါရီ ၁၉ ရက်တွင် ဆောင်ခလာပြည်နယ် ဆာဒါအိုဒေသတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရဲ၊ စစ်တပ် တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့တစ်ဖွဲ့၏ ပူးတွဲစစ်ဆင်ရေးတစ်ခုအတွင်း ဖေဖေါ်ဝါရီ ၁၉ ရက်က ဆာဒါအိုဒေသ ပါဒန်း ဘီဆာမြို့ရှိ နေအိမ်တစ်လုံးကို စီးနင်းရှာဖွေခဲ့ရာ အဆိုပါ အသက် ၃၃ နှစ်အရွယ် သံသယရှိ အမျိုးသားကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းအမျိုးသားသည် မြန်မာရွှေ့ပြောင်းလုပ်သားများကို မလေးရှားတွင် အလုပ်လုပ်ကိုင်နိုင်စေရေး ပို့ဆောင်ရာတွင် ကြားလူအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်ဟု စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ ဖော်ထုတ်သိရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြသည်။

ထို့ပြင် အဆိုပါ အမျိုးသားသည် ရွှေ့ပြောင်းလုပ်သားများကို လူမှောင်ခိုကူးရာတွင် ပါဝင်လုပ်ကိုင်မှုအတွက် နာသာဝီခရိုင် တရားရုံးက ဖမ်းဝရန်း ထုတ်ထားပြီး အလိုရှိနေသည့် အမျိုးသားဖြစ်ကြောင်း သိရသည်။

စီးနင်းရှာဖွေမှုအတွင်း တာဝန်ရှိသူများသည် ပွိုင့် ၂၂ ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆံ ၃၃ တောင့်နှင့် ပစ်ကပ်ထရပ်ကားတစ်စီးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်က ဆာဒါအို ခရိုင်ရှိ ထိုင်း-မလေးရှား နယ်စပ်အနီး ရာဘာစိုက်ခင်းတစ်ခုအတွင်း အမျိုးသမီး ခြောက်ဦး အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၃၁ ဦးပါ အုပ်စုတစ်စု ဖမ်းဆီးခံခဲ့ရချိန် စုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ လူကုန်ကူးမှုဖြင့် ထိုင်းအမျိုးသား ဖမ်းဆီးခံရမှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required