အာဖဂန်နစ္စတန်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို ဗြိတိန်အရာရှိများနှင့် တာလီဘန်တို့ ဆွေးနွေး

အာဖဂန်နစ္စတန်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို ဗြိတိန်အရာရှိများနှင့် တာလီဘန်တို့ ဆွေးနွေး

အာဖဂန်နစ္စတန်နိုင်ငံရှိ လူသားချင်းစာနာမှု အကျပ်အတည်းကိစ္စနှင့်ပတ်သက်၍ ဗြိတိန်အရာရှိများနှင့် တာလီဘန်ခေါင်းဆောင်ပိုင်းအကြား ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးက ဖေဖေါ်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည်။

ဗြိတိန်ကိုယ်စားလှယ်များသည် အာဖဂန်နစ္စတန်၌ ပိုမိုဆိုးရွားလာသည့် ပြည်သူများ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ဆွေးနွေးရန် ဖေဖေါ်ဝါရီ ၁၀ ရက်တွင် အာဖဂန်နစ္စတန်သို့ ပြန်လည်သွားရောက်ခဲ့ခြင်းဖြစ်သည်။

ငတ်မွတ်မှုဘေး တားဆီးရေးနှင့် လူသားချင်းစာနာမှုရေးရာ ဗြိတိန် အထူးသံတမန် နစ်ခ် ဒိုင်ယာ၊ အာဖဂန်နစ္စတန်ဆိုင်ရာ ယူကေ သံအဖွဲ့၏ သံရုံးယာယီတာဝန်ခံ ဟူဂို ရှော့တာ နှင့် အာဖဂန်နစ္စတန်ဆိုင်ရာ ယူကေ သံအဖွဲ့၏ ဒုတိယအကြီးအကဲနှင့် နိုင်ငံရေး အတိုင်ပင်ခံ ဟက်စတာ ဝက်ဒမ်စ်တို့သည် မော်လာဝီ အမီရာ ခန်း မွတ်တာကီ၊ အဗ္ဗဒူလ် ဟက် ဝါဆစ် တို့ ပါဝင်သည့် တာလီဘန် အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

“သေရေးရှင်ရေးတမျှ ဖြစ်နေတဲ့ လူသားချင်းစာနာမှု အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ လူနည်းစုတွေအပါအဝင် အာဖဂန်ပြည်သူတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်လို့ ဗြိတိန်ဘက်က စိုးရိမ်ပူပန်မှုတွေ ရှိနေတာနဲ့ပတ်သက်ပြီး မိမိတို့ အရာရှိတွေက တာလီဘန်တို့ကို ရှင်းရှင်းလင်းလင်း ပြောဆိုဆွေးနွေးခဲ့ပါတယ်” ဟု ယူကေအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တွေ့ဆုံပွဲတွင် လူသားချင်းစာနာမှု အကျပ်အတည်းနှင့် အကြမ်းဖက်မှု ကိစ္စတို့ကို ဆွေးနွေးခဲ့သည့်အပြင် အမျိုးသမီးများ၊ မိန်းကလေးများနှင့် လူနည်းစုများအပါအဝင် အာဖဂန်နိုင်ငံသားတို့၏ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ဗြိတိန်၏ ကြီးလေးသော စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ဟူဂို ရှော့တာကလည်း တွစ်တာတွင် သီးခြားထုတ်ပြန်ခဲ့သည်။

“အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေကို အချိန်အကြာကြီး ထိန်းသိမ်းထားတာ အပါအဝင် လက်တုံ့ပြန်မှုနဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေလို အပျက်သဘောဆောင်တဲ့ အလားအလာတွေက အင်မတန် စိုးရိမ်စရာ ကောင်းနေပါတယ်။ မိန်းကလေးတွေအားလုံး နွေရာသီမှာ စာသင်ကျောင်းတွေဆီ ပြန်သွားသင့်တယ်လို့ ကျွန်တော်တို့ အလေးအနက် ပြောခဲ့ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly