လစ်သူယေးနီးယားနှင့် အီးယူမှ ကုန်ပစ္စည်းများအပေါ် တရုတ်၏ ရန်လိုနေမှုအား ဆွေးနွေးရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပါဝင်ရန် ကနေဒါ ဖိတ်ခေါ်

လစ်သူယေးနီးယားနှင့် အီးယူမှ ကုန်ပစ္စည်းများအပေါ် တရုတ်၏ ရန်လိုနေမှုအား ဆွေးနွေးရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပါဝင်ရန် ကနေဒါ ဖိတ်ခေါ်

တရုတ်နှင့် လစ်သူယေးနီးယားတို့အကြားကုန်သွယ်ရေးအငြင်းပွားမှုနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ပါဝင်ရန် ကနေဒါက တောင်းဆိုထားကြောင်း Global Affairs Canada သတင်းဌာနက ဖော်ပြသည်။

"နိုင်ငံစုံကုန်သွယ်မှုစနစ်ကို မြှင့်တင်ကာကွယ်ရာတွင် ဥရောပသမဂ္ဂနှင့် တရုတ်တို့၏ အငြင်းပွားမှုအား ဆွေးနွေးဖြေရှင်းရာ၌ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ပါဝင်ရန် ကနေဒါက တောင်းဆိုထားသည်” ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၀ရက်တွင် ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဆောင်ရွက်မှုအပေါ် စိုးရိမ်သလို စီးပွားရေးအရ အကျပ်ကိုင်ခြင်းကို ဆန့်ကျင်ကြောင်းနှင့် စိတ်တူကိုယ်တူနိုင်ငံများနှင့်အတူ ကနေဒါက ရပ်တည်နေကြောင်း Global Affairs Canada က မှတ်ချက်ပြုဖော်ပြခဲ့သည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလမှစတင်၍ တရုတ်က လစ်သူယေးနီးယားသို့ တင်ပို့မှု၊ လစ်သူယေးနီးယားမှ တင်သွင်း မှုနှင့် လစ်သူယေးနီးယားနှင့် ချိတ်ဆက်နေသော ကုန်သွယ်မှုများကို ပြင်းထန်စွာ ကန့်သတ်ခြင်း သို့မဟုတ် ပိတ်ပင်ခဲ့သည်။ ဥရောပကော်မရှင်သည် အဆိုပါကိစ္စကို တရုတ်အာဏာပိုင်များထံ အကြိမ်ကြိမ်တင်ပြခဲ့သည်။

တရုတ်၏ ကန့်သတ်မှု အမျိုးအစား အမျိုးမျိုးကို သက်သေ အထောက်အထားများ ပြုစုထားကြောင်း ဥရောပကော်မရှင်က ထုတ်ပြန်ထားသည်။

"ယင်းတို့တွင် လစ်သူယေးနီးယား ကုန်ပစ္စည်းများကို အကောက်ခွန်ရှင်းလင်းရန် ငြင်းဆိုခြင်း၊ လစ်သူယေးနီး ယားမှ တင်သွင်းခွင့်လျှောက်လွှာများကို ပယ်ချခြင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့သည့်အခါ ယင်းတို့၏ ကုန်ပစ္စည်း တင်ပို့သည့် လုပ်ငန်းစဉ်များတွင် လစ်သူယေးနီးယားမှ တင်သွင်းမှုများကို ဖယ်ရှားရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ဥရောပသမဂ္ဂကုမ္ပဏီများအား ဖိအားပေးခြင်းများ ပါဝင်သည်” ဟု ကော်မရှင်က ဆိုသည်။

လစ်သူယေးနီးယားကို တရုတ်က အကျပ်ကိုင်သည် ဆိုသည်များမှာ အခြေအမြစ်မရှိဘဲ အချက်အလက်များကို လွဲမှားစေသည်ဟု တရုတ်က ပြန်လည် ပြောကြားထားသည်။

"တရုတ်နဲ့ လစ်သူယေးနီးယားကြားက ပြဿနာက စီးပွားရေးပြဿနာ မဟုတ်ပါဘူး၊ နိုင်ငံရေးပြဿနာပါ။ တရုတ်က လစ်သူယေးနီးယားကို ဖိအားပေးတာမဟုတ်ဘဲ၊ တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ လစ်သူယေးနီးယားရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ရတာပါ" ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly