မန္တလေးအိုးဘိုထောင် ဗုံးပစ်တိုက်ခိုက်ခံရ

မန္တလေးအိုးဘိုထောင် ဗုံးပစ်တိုက်ခိုက်ခံရ

ဖေဖော်ဝါရီလ ၁၉ ရက်

မန္တလေးအိုးဘိုထောင်ကို ယနေ့ညနေပိုင်းအချိန်က ဒုတိယအကြိမ်ဗုံးပစ်တိုက်ခိုက်ခံလိုက်ရကြောင်းအနီးရှိ သတင်းအရင်းအမြစ်ထံမှ သိရသည်။

“ထောင်တောင်ဘက်အ၀င်ပေါက်မှာ စစ်သားတွေကင်းချထားတာရှိတယ်၊ အဲဒီကိုဗုံးနဲ့လှမ်းပစ်သွားတာပါ၊ အထိအခိုက်ရှိတယ်လို့တော့ကြားတာပဲ၊ အခုလောလောဆယ်တော့ ရှုပ်ယှက်ခတ်နေချိန်အခြေအနေမသိရသေးဘူး၊ ထောင်ရှေ့လမ်းနှစ်ဖက်စလုံးကိုတော့ပိတ်လိုက်ပါပြီ” ဟု ထောင်အနီးရပ်ကွက် နေထိုင်သူသတင်းရင်းမြစ်ကပြောသည်။

မန္တလေးအိုးဘိုထောင်(ဗဟိုအကျဉ်းထောင်)အ၀င် ပေါက်ကင်းချထားသည့်နေရာတွင် စစ်ကောင်စီလက်နက်ကိုင်စစ်သားနှင့်အကျဉ်းဦးစီးတပ်ဖွဲ့၀င်များရှိရာ ထိုနေရာအား လက်လုပ်ဗုံးဖြင့်ပစ်သွားခြင်းဖြစ်သည်။ ထိုဗုံးပစ်တိုက်ခိုက်မှုအား မန္တလေးအခြေစိုက်မြို့ပြပြောက်ကျားတပ်ဖွဲ့နှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Guerilla Force of Mandalay ကသတင်းထုတ်ပြန်ထားသည်။

သတင်းထုတ်ပြန်ချက်တွင် Guerilla Force of Mandalay နှင့် Eagle Brothers People’s Defense Force-MDY မဟာမိတ်ညီနောင်နှစ်ဖွဲ့ပူးပေါင်းပြီး အိုးဘိုထောင်တွင်ဖမ်းဆီးခံထားရသည့်ရဲဘော်များနှင့်ပြည်သူများကိုယ်စား ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

မန္တလေးအိုးဘိုထောင်(အကျဉ်းဦးစီးသင်တန်းကျောင်းအ၀င်ပေါက်)ကို ပြီးခဲ့သည့်ဇန်နဝါရီလ ၁၆ ရက်နေ့ညပိုင်းကလည်း တစ်ကြိမ်ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး ဒုအရာခံဗိုလ်တစ်ဦးအပါအ၀င် စစ်ကောင်စီလက်နက်ကိုင်စစ်သားသုံးဦး ဒဏ်ရာရခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly