Quad အဖွဲ့က မကောင်းတာ မလုပ်ဟု အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက တရုတ်ကို တုံ့ပြန်ပြောကြား

By PTI
18 February 2022
Quad အဖွဲ့က မကောင်းတာ မလုပ်ဟု အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက တရုတ်ကို တုံ့ပြန်ပြောကြား

တရုတ်က Quad အဖွဲ့နှင့် ပတ်သက်၍ ပြင်းထန်စွာ ဒေါသတကြီး ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ဖေဖော်ဝါရီ ၁၂ ရက်က တုံ့ပြန်ငြင်းဆိုခဲ့ရာတွင် အဖွဲ့အနေဖြင့် ကောင်းမွန်သည့်အရာများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မဟာဗျူဟာကျသည့် အင်ဒို-ပစိဖိတ်ဒေသ ကြွယ်ဝတည်ငြိမ်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကာ တရုတ်က ကြိမ်ဖန်များစွာ ဝေဖန်ပြစ်တင်ခြင်းကြောင့် မိမိတို့ ၄ နိုင်ငံအဖွဲ့ ယိမ်းယိုင်သွားမည်မဟုတ်ကြောင်း ပြောလိုက်သည်။

Quad အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ ဖြစ်ကြသည့် အမေရိကန်မှ အန်တိုနီ ဘလင်ကန်၊ ဂျပန်မှ ယိုရှီမာဆာ၊ ဩစတြေးလျမှမာရီဆေပေနေးနှင့် အိန္ဒိယမှ ဂျိုင်ရှန်ကာတို့သည် အင်ဒို-ပစိဖိတ်ဒေသအား ခြိမ်းခြောက်မှု ကင်းဝေးစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားရန် ဖေဖော်ဝါရီ ၁၁ ရက်က သဘောတူ ဆုံးဖြတ်ပြီး နောက်တစ်နေ့တွင် ဂျိုင်ရှန်ကာက မဲလ်ဘုန်းမြို့၌ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တရုတ်ကို ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

မဟာဗျူဟာကျသည့် အင်ဒို-ပစိဖိတ်ဒေသတွင် နိုင်ငံအများအပြားနှင့် နယ်နမိတ်ပိုင်နက် အငြင်းပွားနေသည့် တရုတ်က Quad စတင်ဖွဲ့စည်းစဉ်ကပင် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

တရုတ်၏ အင်အားမြင့်တက်လာခြင်းကို ထိန်းချုပ်ရန်နှင့် အမေရိကန်၏ လက်ဝါးကြီးအုပ်ရေး မူဝါဒကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကိရိယာတစ်ခုအဖြစ် အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျနှင့် ဂျပန်တို့က Quad ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထပ်မံ ပြောကြားခဲ့သည်။

ယင်းအဖွဲ့နှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီယန်းက Quad သည် ထိပ်တိုက်ရင်ဆိုင်မှုကို ပိုမိုဆိုးရွားလာစေရန်နှင့် နိုင်ငံတကာ ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ပျက်စီးစေရန် ရည်ရွယ်ထားကြောင်း ပြောကြားသည်။

“စစ်အေးကာလက ပြီးဆုံးတာ ကြာပြီဖြစ်ပေမယ့် မဟာမိတ်လို့ သတ်မှတ်နိုင်တဲ့ ဒီအဖွဲ့က တရုတ်ကို အခက်အခဲ ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်ဖို့ ကြိုးပမ်းလာတာပါ” ဟုလည်း ၎င်းက ပြောကြားသည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အသရေဖျက်ရန်၊ ဖိနှိပ်ရန်၊ ထိန်းချုပ်ရန်တို့အတွက် ‘တရုတ်၏ ခြိမ်းခြောက်မှု’ ဟု အမေရိကန်က ခေါင်းစဉ်တပ်နေကြောင်းလည်း ကျောင်လီယန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly