အာဖဂန်နစ္စတန်ပြည်သူများ၏ ကျန်းမာရေးပြဿနာကို WHO အကြီးအကဲနှင့် တာလီဘန်တို့ ဆွေးနွေး

အာဖဂန်နစ္စတန်ပြည်သူများ၏ ကျန်းမာရေးပြဿနာကို WHO အကြီးအကဲနှင့် တာလီဘန်တို့ ဆွေးနွေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြီးအကဲ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီယီဆက်စ်သည် အာဖဂန်စ္စတန်နိုင်ငံမှ ပြည်သူများ၏ ကျန်းမာရေးပြဿနာနှင့် လူသားချင်းစာနာမှု အကျပ်အတည်းကိစ္စရပ်များကို တာလီဘန်ကြားဖြတ်အစိုးရ ကျန်းမာရေးဝန်ကြီး ကာလန်ဒါ အက်ဘတ်ဒ် ဦးဆောင်သော ၁၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း ဖေဖေါ်ဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

အာဖဂန်နစ္စတန်သို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှု အခြေအနေနှင့် စပ်လျဉ်းပြီး ဆွေးနွေးရန် အက်ဘတ်ဒ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း WHO အကြီးအကဲ၏ ပြောကြားချက်ကို Khaama Press က ဖော်ပြသည်။

လူသားချင်းစာနာမှုဆိုင်ရာ ဝင်လမ်းနှင့် လူ့အခွင့်အရေးတို့နှင့် ပတ်သက်ပြီး အင်စတီကျူးရှင်းများ၊ အစိုးရမဟုတ်သော အေဂျင်စီများနှင့်အကြား သီတင်းတစ်ပတ်ကြာ ဆွေးနွေးမှုများ လုပ်ဆောင်ရန် တာလီဘန် ကိုယ်စားလှယ်အဖွဲ့သည် ဂျီနီဗာသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

လွတ်လပ်သော လူသားချင်းစာနာမှုူ အဖွဲ့တစ်ခုဖြစ်သည့် Geneva call ၏ ဖိတ်ကြားမှုတစ်ရပ် ရရှိပြီးနောက် ယခု ခရီးစဉ်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု အာဖဂန်နစ္စတန်၏ တာလီဘန် အာဏာပိုင်တို့က ပြောသည်။

မိမိတို့ အဖွဲ့အနေဖြင့် အာဖဂန်နစ္စတန်သို့ လူသားချင်းစာနာမှု အကူအညီများ တားဆီးဟန့်တားမှုမရှိဘဲ ပိုမိုပေးပို့နိုင်ရန် ရည်ရွယ်ပြီး ဖေဖေါ်ဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ကွန်းဖရင့်တစ်ခုကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း Geneva call အဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

အာဖဂန်ကိုယ်စားလှယ်အဖွဲ့တွင် ကာကွယ်ရေး၊ ကျန်းမာရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အရာရှိများ ဖွဲ့စည်းပါဝင်ခဲ့ကြောင်း Tolo News တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required