ကချင်ပြည်နယ်အတွင်း မိုးမောက်တိုက်ပွဲကြောင့် ရွာသုံးရွာက ရွာသားများ ထွက်ပြေး

ကချင်ပြည်နယ်အတွင်း မိုးမောက်တိုက်ပွဲကြောင့် ရွာသုံးရွာက ရွာသားများ ထွက်ပြေး
ဓါတ်ပုံ - The Kachin Net

ဖေဖော်ဝါရီလ ၁၇ ရက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံပြည်သူအချို့ စိုးရိမ်ပြီး ထွက်ပြေးနေကြရသည်။

မိုးမောက်မြို့နယ် ဝဝမ်ကျေးရွာအနီးတွင် နှစ်ဖက်ကြား တိုက်ပွဲ တစ်နာရီ နီးပါးဖြစ်ပွားခဲ့ပြီး ကျေးရွာ သုံး ရွာခန့်က ဒေသခံများ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မိုးမောက်အဝင်ပေါ့နော် မြစ်ကြီးနားဘက်နေဆိုရင် မိုးမောက်အဝင်ပေါ့ အဲ့က ဝဝမ်ရွာမှာ ဖြစ်တာ။ အဲ့မှာ KIA က ရှိတယ်လေနော်။ အဲ့ဒါ တိုက်ပွဲဖြစ်ကြတာ။ အရမ်းကြီးတော့ မကြာပါဘူး။ တစ်နာရီလောက်ပေါ့ ပြောရ မယ်ဆိုရင်။ အဲ့ဒါတိုက်ပွဲဖြစ်တော့ အရမ်းဖြစ်လာမှာကြောက်ပြီး ရွာသားတွေက ထုံးစံအတိုင်းပဲ ထွက်ပြေးကြ တာပါ” ဟု မိုးမောက် ဒေသခံတစ်ဦးက ပြောသည်။

ဝဝမ်ကျေးရွာအနီးရှိ ခါနန်နှင့် လုံဂျာကျေးရွာတို့မှ ဒေသခံရွာသားများ ထွက်ပြေးကြသည်ဟု မိုးမောက် ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

“ဝဝမ်နားက တခြားရွာ နှစ် ရွာလူတွေလည်း နီးတော့ ကြောက်ပြီး ထွက်ပြေးကြတာပေါ့နော်။ ဝဝမ်ရယ် ခါနန် ရယ် နောက်ပြီး အဲ့နားမှာက လုံဂျာ ရွာဆိုတာလည်း ရှိတယ်။ အဲ့ကလူတွေ ထွက်ပြေးတာပေါ့။ တချို့ကတော့ ဘုရားကျောင်းဝန်းထဲမှာ ထွက်ပြေး၊ တချို့က မိုးမောက်မြို့ဘက်ကို အမျိုးတွေဆီထွက်ပြေးပေါ့။ တိုက်ပွဲ ဖြစ်တော့ အားလုံးက စိုးရိမ်ကြတာပါ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝဝမ်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များရှိနေသည် ကို သိသော်လည်း တမင်ဝင်ရောက်လာခြင်းဖြစ်သည့်အတွက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဝဝမ်ကျေးရွာက ဒေသခံများက ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် စစ်အာဏာသိမ်းပြီးနောက် မတ်လ ဒုတိယအပတ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် မြို့သစ်၊ ကုန်းလောကျေးရွာများနှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည်ဟု ဒေသခံများက ပြောသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်ရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများရှိသည်ဟု ဒေသခံများက ဆိုသော်လည်း သီးခြားအတည်ပြုချက် မရရှိခဲ့ပေ။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် မိုးမောက်မြို့နယ်အတွင်းက စစ် ကောင်စီ၏ စစ်ရေးအရ အရေးပါသည့် ဗျူဟာကုန်းဖြစ်သည့် အလော့ဒ်ဘွမ်တပ်စခန်းကုန်းကို KIA က သိမ်း ပိုက်နိုင်ခဲ့သည်။

ထို့နောက် ဧပြီလ ဒုတိယအပတ်မှ စတင်၍ ဗန်းမော်ခရိုင်အတွင်းက မြို့သစ်၊ ကုန်းလော၊ စီးဟတ်ကျေးရွာများ အနီးတဝိုက်တွင်လည်း နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဝေဟင်ထိုးစစ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly