ရန်ကုန်ရှိ ပန်ဆယ်လို၏ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

ရန်ကုန်ရှိ ပန်ဆယ်လို၏ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

ဖေဖော်ဝါရီလ ၁၇ ရက်နေ့

ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၁) ရပ်ကွက် ပြည်ပန်းညိုလမ်း အတွင်းရှိ ပန်ဆယ်လို၏ နေအိမ်ကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက ယနေ့ လာရောက် စစ်ဆေးကာ ချိပ်ပိတ် ခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ရောက်ရှိလာကာ ချိပ်ပိတ် သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ပန်ဆယ်လိုသည် ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် NLD ထောက်ခံအားပေးသူ၊ စစ်ကောင်စီအား အတိုက်အခံလုပ်သူ တစ်ဦးအဖြစ် လူသိများသော သူတစ်ဦးလည်း ဖြစ်သည်။

"အမှန်က သတင်းပေး ဒလန်တွေကြောင့်လို့ ယူဆရမှာပဲ။ ပန်ဆယ်လို ဘယ်မှာ နေလဲဆိုတာ အရင်ထဲက သိနေတာပဲ။ ဘာကြောင့် အခုမှ လာပိတ်တာလည်း စဥ်းစားကြည့်ရင် အိမ်ကို တည်ကြက်ထား စောင့်ကြည့်နေတဲ့ အပိုင်းတွေ ပါမှာပေါ့။ ဖမ်းချင်တာတွေလည်း ရှိမယ်။ အိမ်ထဲမှာ ရှာတာဖွေတာတွေ လုပ်နေတာ တွေ့ရတယ်။ ပြီးတော့မှ ကြိုးအဝါတွေ တားပြီး ပိတ်သွားတာ" ဟု သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များသည် နေအိမ်ကို ချိပ်ပိတ်အပြီး ညနေ ၃ နာရီ ၂၅ မိနစ် ခန့်တွင် ပြန်လည် ထွက်ခွာသွားသည်။

ပန်ဆယ်လိုကလည်း ယနေ့ ည ၉ နာရီ ဝန်းကျင်တွင် သူမ၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ချိပ်ပိတ်ခံရသည့် အကြောင်း ရေးသား ပြောဆိုထားမှုများ တွေ့ရသည်။

"ကိုယ့်အိမ် ချိပ်ပိတ်ခံလိုက်ရတာ မှန်ပါတယ်။ ကြိုတင် မျှော်လင့်ထားပြီးသား ကိစ္စမို့ အထူးအထွေ အံ့ဩ မနေပါဘူး။ အသက်တွေ ဘဝတွေ ပေးထားရ၊ ပေးနေကြရတဲ့ ပြည်သူတွေ၊ လူငယ်တွေနဲ့ ယှဉ်ရင် ဒီအိမ်က ဘာမှ တန်ဖိုးမရှိပါဘူး။ ကိုယ့်အတွက်လည်း ပျောက်ရှသွားတဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ အနာဂတ်တွေနဲ့ ယှဉ်ရင် ဒီအိမ်က မပြောပလောက်ပါဘူး။ အလုယူ ခံလိုက်ရတဲ့ အရာတွေ အတွက် ထပ်တိုး တိုက်ပွဲ ဝင်ရမယ်လို့ပဲ ခံယူပါတယ်"ဟု ပန်ဆယ်လိုက ဆိုထားသည်။

ထို့အပြင် "မြန်မာနိုင်ငံမှာ ခင်တွယ်စရာဆိုလို့ ဒီအရာ တစ်ခုပဲ ကျန်ခဲ့တာ။ ဒါကလည်း ဒီနေ့ ပိတ်မလား၊ နက်ဖြန် ပိတ်မလား အခြေအနေနဲ့ တစ်နှစ် ပတ်လည်နေခဲ့တာ။ အခုမှ စိတ်ဒုံးဒုံးကျ စိတ်လွတ်မြောက် သွားသလို ခံစားရတယ်။ အိမ်ကိုပဲ ချိပ်ပိတ်လို့ရမယ်။ တော်လှန်စိတ်ကို ချိပ်ပိတ်လို့ မရဘူး" ဟု၎င်းက ရေးသားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly