တရုတ်နိုင်ငံတွင်သာ စမ်းသပ်ထားသော ကင်ဆာဆေးကို အမေရိကန် FDA လက်မခံ

By U.S. News
17 February 2022
တရုတ်နိုင်ငံတွင်သာ စမ်းသပ်ထားသော ကင်ဆာဆေးကို အမေရိကန် FDA လက်မခံ

တရုတ်နိုင်ငံတွင်သာ စမ်းသပ်ထားသည့် အဆုတ်ကင်ဆာဆေးအသစ်ကို အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ အကြံပေးပညာရှင်များက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြတ်သားစွာ ပယ်ချယ်လိုက်သည်။

Sintilimab ဟုခေါ်သော ကုသမှုသည် အကျိတ်များကို တိုက်ဖျက်ရန် ခုခံအားစနစ်ကို ထုတ်လွှတ်သည့် ကုသမှုမျိုးဖြစ်သည်။ ၎င်းဆေးကို ဇီဝနည်းပညာကုမ္ပဏီ Innovent Biologics မှ တီထွင် စမ်းသပ်ထားခြင်းဖြစ်ကာ အမေရိကန်တွင် ဆေးဝါးရောင်းချရန် ခွင့်ပြုချက်ရယူမည့် ဆေးဝါးကုမ္ပဏီ Eli Lilly နှင့် သဘောတူညီချက်ရယူထားကြောင်း The New York Times က ဖော်ပြခဲ့သည်။

“Sintilimab က စျေးနှုန်းဗျူဟာနဲ့ လူနာတွေနဲ့ အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို မျှော်လင့်ထားပါတယ်။sintilimab ကို အသုံးပြုဖို့ သုံးသပ်မှု လုပ်ဆောင်နေချိန်မှာ Innovent ကုမ္ပဏီနဲ့အတူ FDA နဲ့လည်း ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမှာပါ” ဟု ဖေဖော်ဝါရီ ၁၀ ရက်ထုတ် Lilly ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

FDA မှ အဖုအကျိတ်ကင်ဆာရောဂါဌာနဆိုင်ရာအကြီးအကဲ ဒေါက်တာ ရစ်ချတ်ပက်ဒါက အေဂျင်စီအနေဖြင့် ဆေးဝါးကို တရုတ်နိုင်ငံတွင်သာစမ်းသပ်ထားသည့် အချက်ကို စဉ်းစားရကြောင်း ရှင်းပြခဲ့သည်။

"လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်းက ဒီနိုင်ငံဟာ ကြီးမားတဲ့ လူမှုဆိုင်ရာအပြောင်းအလဲတွေကို တွေ့ကြုံခံစားခဲ့ရပါတယ်။ လက်တွေ့စမ်းသပ်မှုမှာ မတူကွဲပြားသူတွေပါဝင်မှုဟာ အရေးကြီးတဲ့ကိစ္စဖြစ်လာပါတယ်။ ဆေးတစ်မျိုးကို တရုတ်နိုင်ငံမှာပဲ စမ်းသပ်ထားခြင်းဟာ အဆင့်တစ်ဆင့် နောက်ပြန်ဆုတ်လိုက်တာပါပဲ ” ဟု ဒေါက်တာ ရစ်ချတ်ပက်ဒါက အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

ခုခံအားစနစ်လှုံ့ဆော်ခြင်းဖြင့်ကုသသော ကင်ဆာကုထုံးဈေးနှုန်းများ မြင့်မားနေမှုကို တိုက်ဖျက်ထိန်းချုပ်ရန် ရန် sintilimab ကို အသုံးပြုချင်ကြောင်း Lilly ကုမ္ပဏီက FDA သို့ တင်ပြ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ခုခံအားစနစ်ကို လှုံ့ဆော်ပေးသောကုထုံးဆေးများကို အူမကြီး၊ ရင်သား၊ အသည်းနှင့် အဆုတ်စသည်တို့ကို ကုသရာတွင်အသုံးပြုကြပြီး တစ်နှစ်လျှင် လူနာတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၁၅၀ ၀၀၀ ခန့်ကုန်ကျနိုင်သည်။

Lilly ကုမ္ပဏီက ၎င်းတို့၏၏ ဆေးသည် ၄၀ ရာခိုင်နှုန်း သက်သာလိမ့်မည်ဖြစ်ကြောင်းပြောသည်။ Sintilimabဖြင့်ကုသပါက တရုတ်နိုင်ငံတွင် တစ်နှစ်လျှင် ဒေါ်လာ ၆ ၀၀၀ကုန်ကျသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly